မြန်မာစစ်အုပ်စုခေါင်းဆောင်နှင့် ရင်းနှီးသည့် ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်

မြန်မာစစ်အုပ်စုခေါင်းဆောင်နှင့် ရင်းနှီးသည့် ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်
By Mr John

မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို  မြို့တော်ရဲဌာန (Metropolitan Police Bureau (MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး Office of Narcotics Control Board (ONCB) တို့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ၎င်းထံမှ  ထိုင်းဘတ်ငွေ (၁.၈) ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားကြောင်း သိရသည်။

မြန်မာအာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်ပြီး ဟိုတယ်၊ စွမ်းအင်နှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့်  ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုများဖြင့် ထိုင်းအာဏာပိုင်များက ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံမိခဲ့ကြသဖြင့် စုံစမ်းဖေါ်ထုတ်နေခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ၎င်းအား ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသား (၃)ဦးနှင့်အတူ ဖမ်းဆီးးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြို့တော်ရဲဌာနက ထွန်းမင်းလတ်အမှုမှ သိမ်းဆည်းခဲ့သည့် ပိုင်ဆိုင်မှုများ အစီရင်ခံစာကို မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနသို့ ပေးပို့ထားကြောင်း သိရသည်။

 MPB က သိမ်းဆည်းခဲ့သည့် ထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများတွင် မီးခံသေတ္တာအတွင်းမှငွေသား၊ တန်ဖိုးကြီးပစ္စည်းများ၊ ကားများ၊ ဟိုတယ်များနှင့် အပန်းဖြေနေရာများ ပါဝင်ပြီး ခန့်မှန်းခြေတန်ဖိုး ဘတ် (၁.၈) ဘီလီယံရှိကြောင်း ရဲဗိုလ်ချုပ် Nitithorn က ပြောသည်။

ထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ခြင်းမရှိပါက ၎င်း၏ အခွန်ဆောင်မှတ်တမ်း စစ်ဆေးပြီး အခြားနည်းလမ်းများမှတစ်ဆင့် သိမ်းဆည်းသွားရန် MPB က စီစဥ်ထားကြောင်း သိရသည်။

 

MPB ၏ အဆိုအရ အသက် (၅၃) နှစ်အရွယ် မူးယစ်ဆေးဝါးကုန်သည်  ထွန်မင်းလတ်မှာ အာဏာသိမ်း မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ပြီး စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသူဖြစ်ကြောင်း သိရသည်။ 

မြန်မာစစ်တပ်မှ အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်လတ်၏သားဖြစ်သူ ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးကုန်သွယ်ရန် ပူးပေါင်းကြံစည်မှု ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။



Source: Bangkok Post