စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား တစ်ပတ်ကြာတိုက်ပွဲအတွင်း လူ (၄၀၀) ကျော် သေဆုံးပြီး (၃,၅၀၀) ကျော် ဒဏ်ရာရ

စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား တစ်ပတ်ကြာတိုက်ပွဲအတွင်း လူ (၄၀၀) ကျော် သေဆုံးပြီး (၃,၅၀၀) ကျော် ဒဏ်ရာရ
By Mr John

 ဆူဒန်နိုင်ငံတွင် မွတ်စလင်မ်တို့၏ အီးဒ်ပွဲတော်ကာလ အားလပ်ရက် (၃)ရက်များ ဧပြီလ (၂၁) ရက်နေ့တွင် စတင်ခဲ့သော်လည်း ခါတွန်မ်မြို့တော်တွင် သေနတ်သံများနှင့် လက်နက်ကြီးသံများ ပဲ့တင်ထပ် ထွက်ပေါ်နေဆဲဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပိတ်မိနေသည့် အရပ်သားများ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး အပစ်အခတ်ရပ်စဲရန် နိုင်ငံတာအသိုင်းအဝိုင်းက ပန်ကြားမှုများရှိနေသော်လည်း အာဏာလွန်ဆွဲနေကြသည့် စစ်တပ်နှင့် စစ်တပ်၏ အရန်တပ်ဖွဲ့ Rapid Support Forces (RSF)တို့ကြား ခါတွန်မ်မြို့တော်  အပါအဝင် မြို့တွင်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

၂၀၂၃ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အနည်းဆုံး လူ (၄၁၃) ဦး သေဆုံးပြီး (၃,၅၅၁) ဦး ဒဏ်ရာရခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ပြောခွင့်ရပုဂ္ဂိုလ် မာဂရတ်ဟာရစ်က ဧပြီလ (၂၁) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

အီးဒ်ပွဲတော်ဆင်နွှဲရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများအတွက် စစ်တပ်နှင့် RSFတို့က (၃) ရက်ကြာ အပစ်အခတ်ရပ်စဲထားမည်ဟု ကြေညာခဲ့ကြသော်လည်း ဧပြီလ (၂၁) ရက်၏ ဒေသစံတော်ချိန် ညပိုင်းတွင် ခါတွန်မ်မြို့၌ သေနတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားနေခဲ့သည်ဟု ဆိုသည်။

လက်ရှိ အခြေအနေများကြောင့် ဆူဒန်တွင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။ 

ဆူဒန်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့က စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ်ဖာတာ အယ်လ်ဘာဟန်က အသွင်ကူးပြောင်းရေးကောင်စီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး RSF ကို ဦးဆောင်သူ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဟမ်မက်ဒ်တီဟု လူသိများသည့် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါရှလာက ဒုဥက္ကဌအဖြစ် တာဝန်ယူထားသည်။

RSF နှင့် စစ်တပ်တို့ကြား သဘေားကွဲလွဲပြီး အာဏာလွန်ဆွဲမှုအဖြစ် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာခြင်းမှာ ဆူဒန်ကို လူပုဂ္ဂိုလ်တစ်ဦးတည်းက အုပ်ချုပ်သည့်စနစ်ဖြင့် ကာလရှည်ကြာ အာဏာချုပ်ကိုင် အုပ်ချုပ်နေခဲ့သူ Omar al-Bashir ကို ၂၀၁၉ ခုနှစ်တွင် အတူတကွ ပူးပေါင်းကာ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ 

ထို့အပြင် လက်ရှိတိုက်ပွဲများကြောင့် ယခင်ကတည်းက စီးပွားရေးပျက်ပြားနေပြီး လူမျိုးစုအကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံတဝန်း လုံခြုံရေးအခြေအနေကို သိသာစွာ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း သိရသည်။

Source: ABC7 New York, Reuters