နာမည်ဆိုးဖြင့် ကျော်ကြားသည့် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ Evin အကျဥ်းထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် (၄) ဦးမှ (၈) ဦးသို့ မြင့်တက်လာခဲ့ကြောင်း အီရန်တရားစီရင်ရေးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာလ (၁၅) ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် အကျဥ်းထောင်မီးလောင်မှုအတွင်း ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိကြောင်းလည်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် Evin အကျဥ်းထောင်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်သူ ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းထားသည်။
မီးလောင်မှုမှာ အကျဥ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုနှင့် ဆက်နွယ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးဟု ဆိုသည်။
အီရန်တရားစီရင်ရေးဌာန၏ ထုတ်ပြန်မှုအရ အကျဥ်းထောင်တွင်းရှိ အလုပ်ရုံတစ်ခုတွင် အကျဥ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ မီးလောင်မှုစတင်ခဲ့ကြောင်း သိရသည်။
အီရန်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းကမူ ယခုဖြစ်ရပ်မှာ အကျဥ်းသားများက ထွက်ပြေးလွတ်မြောက်ရန် ကြိုတင်ကြံစည်မှုတစ်ခုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက တားဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်လွှင့်သည်။
သို့သော် အကျဥ်းထောင်တွင်းရှိ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက BBC Persiasn သတင်းဌာနကို ပြောကြားမှုအရ အကျဥ်းသားများက မီးရှို့ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။
ထိုအတောအတွင်း တီဟီရန်မြို့၏ နေရာများအပါအဝင် အီရန်တဝန်း ဆန္ဒပြမှုများ ဆက်လက် ပေါ်ပေါက်နေကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက် (၂၂) နှစ်အရွယ် Masha Amini အမည်ရှိ အမျိုးသမီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အီရန်ပြည်သူများကြား ဒေါသထွက်ခဲ့ကြသည်။
ထို့နောက် Amini နေထိုင်ရာ Saqez မြို့တွင် သူမ၏ဈာပန ပြုလုပ်ခဲ့သည့် ကို စက်တင်ဘာလ (၁၇) ရက်နေ့မှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး အီရန်အာဏာပိုင်များက အပြင်းအထန် ဖြိုခွင်းနေခဲ့သည်။
နော်ဝေနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း Iran Human Rights (IHR) က ထုတ်ပြန်မှုအရ အောက်တိုဘာလ (၁၂) ရက်နေ့အထိ ဆန္ဒပြမှုများအတွင်း ကလေး (၂၃) ဦး အပါအဝင် လူ (၂၀၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်တွင် ၂၀၁၉ ခုနှစ်က ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ (၁,၅၀၀) သေဆုံးခဲ့ဖူးသည်။
လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများမှာ ၁၉၇၉ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး အီရန်အစိုးရအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။
ဆန္ဒပြမှုများအတွင်း အီရန်လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးနေသူများကို ပစ်ကပ်ထရပ်ကားတစ်စီးပေါ်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းနှင့် အမျိုးသမီးများကို ဖမ်းဆီးရန်ကြိုးပမ်းစဥ် လိင်ပိုင်းဆိုင်ရာစော်ကားသည့် ဗီဒီယိုမှတ်တမ်းများလည်း ထွက်ပေါ်လာခဲ့သည်။.
Source: BBC, Reuters
Photo: Majid Asgaripour/WANA ,