ယူကရိန်းနိုင်ငံ၏ (၃၁) နှစ်ပြည့် လွတ်လပ်ရေးနေ့နှင့် ရုရှားကျူးကျော်မှု (၆) လပြည့်သည့် ဩဂုတ်လ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်း ရထားဘူတာရုံတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား (၂၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယူကရိန်းအရှေ့ပိုင်း Chaplyne မြို့ရှိ ဘူတာရုံကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအနက် (၅) ဦးမှာ ၎င်းတို့၏ ကားအတွင်း မီးလောင်သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဘူတာရုံ တိုက်ခိုက်ခံရမှုကြောင့် အသက် (၁၁) နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း သေဆုံးခဲ့ပြီး အခြား လူ (၅၀) ခန့် ဒဏ်ရာရခဲ့ကြောင်းနှင့် ခရီးသည်တင်ရထားတစ်စီး မီးလောင်ခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။
ရုရှားဘက်ကမူ ထိုတိုက်ခိုက်မှုမှာ ဒွန်ဘတ်စ်ဒေသ ရှေ့တန်းနေရာသို့ လက်နက်များပို့ဆောင်မည့် Chaplyne မြို့ ဘူတာရုံရှိ ယူကရိန်းစစ်ဘက်သုံး ရထားတစ်စင်းကို Iskander ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပစ်ခတ်မှုကြောင့် အရပ်သား (၂၅)ဦး သေဆုံးခဲ့သော်လည်း ရုရှားက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက Dnipropetrovsk နယ်မြေရှိ Chaplyne မြို့ရှိ တိုက်ခိုက်ခံရမှုကို သိရှိထားကြောင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စကားပြောရန် စီစဥ်နေသည်ဟု ဆိုသည်။
"ဒါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွက် ရုရှားက ဘယ်လိုပြင်ဆင်နေတယ်ဆိုတာပဲ" ဟု ယူကရိန်းသမ္မတဇီလန်စကီးက ပြောသည်။
"ရထားတွဲ (၄) ခု မီးလောင်ခဲ့တယ်။ သေဆုံးဒဏ်ရာရသူ အရေအတွက်က မြင့်တက်လာနိုင်တယ်" ဟုလည်း ၎င်းကဆိုသည်။
ဧပြီလအတွင်းကလည်း နောက်ထပ် ယူကရိန်းဘူတာရုံတစ်ခုကို ရုရှားက တိုက်ခိုက်ခဲမှုကြောင့် လူ (၅၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ရုရှားက အရပ်သားနှင့်အစိုးရ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟု ယူဆရကြောင်း ယခုတိုက်ခိုက်မှုမတိုင်မီ ဩဂုတ်လ (၂၃) ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီး ၎င်း၏နိုင်ငံသားများကို ယူကရိန်းမှထွက်ခွာရန် တိုက်တွန်းထားခဲ့သည်။
Souce: BBC, Reuters
Photo: REUTERS/Dmytro Smolienko, REUTERS/Gleb Garanich,