အသက်(၆၆)နှစ်အရွယ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆုပ်ကိုင်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရဲတပ်ဖွဲ့ဝင်များ အငြိမ်းစားယူရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေထဲက ပုဒ်မခွဲငယ်တစ်ခုကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့က ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ၏ ပုဒ်မ ၄၆၊ ပုဒ်မခွဲ(က)ထဲက ပုဒ်မခွဲငယ် (၁)၏ မူလပြဌာန်းချက်ဖြစ်သည့်"(၁) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် (၆၀) နှစ်ပြည့်သောအခါ အငြိမ်းစားယူရမည်ဖြစ်ပြီး သက်ပြည့်ပင်စင်ခံစားခွင့် ရှိစေရမည်။"ကို "(၁) သတ်မှတ်ထားသော အငြိမ်းစားယူရမည့် အသက်ပြည့်သောအခါ အငြိမ်းစားယူရမည်။ ထိုသို့ အငြိမ်းစားယူသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိရမည်"ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ပြင်ဆင်ချက်အရ မူလက ဖော်ပြထားသည့် "အသက် (၆၀) နှစ်ပြည့်သောအခါ အငြိမ်းစားယူရမည်"ဆိုသည့် စကားရပ်တွင် " သတ်မှတ်ထားသော အငြိမ်းစားယူရမည့် အသက်ပြည့်သောအခါ အငြိမ်းစားယူရမည်"ဟု ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်သည်။
မူလအတိုင်းထားရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ၏ ပုဒ်မ ၄၆၊ ပုဒ်မခွဲ(က)ထဲက ပုဒ်မခွဲငယ် (၃)တွင် "အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် နှစ် ၂၀ ကျော်လွန်လျှင်သော် လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့် ပြီး လုပ်သက် ၂၅ နှစ် ကျော်လွန်လျှင်သော် လည်းကောင်း လျော့ပေါ့ပင်စင် ခံစားခွင့် တောင်းခံနိုင်သည်။"ကိုတော့ ဆက်လက်ထားရှိထားသည်ကို တွေ့ရသည်။
ပြည်သူ့အစိုးရလက်ထက်က ဥပဒေပြင်ဆင်မှုများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ပြင်ဆင်ပြဌာန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အရပ်သားအစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းစိတ်တိုင်းကျ ဥပဒေများကို လိုသလို ပြင်ဆင်နေခြင်း ဖြစ်သည်။