လေကြောင်းမှ ဗုံးကြဲခံရပြီး သံတွဲခရိုင်ဆေးရုံ ပျက်စီး

လေကြောင်းမှ ဗုံးကြဲခံရပြီး သံတွဲခရိုင်ဆေးရုံ ပျက်စီး

ရခိုင်ပြည်နယ် သံတွဲမြို့အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့က လေကြောင်းမှဗုံးကြဲရာ ပျက်စီးမှုများကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ (၁၃)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်နေသည့် သံတွဲမြို့အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေရာ နေအိမ်များလည်းပျက်စီးပြီး လူထိခိုက်သေဆုံးမှုများလည်းရှိနေကာ ယမန်နေ့က ဗုံးကြဲမှုတွင် ခရိုင်ဆေးရုံပျက်စီးသည်ဟု သိရသည်။

“ဆေးရုံအဆောင်တွေ ပျက်စီးမှုအတော်များတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ဆေးရုံမှာက ဆရာဝန်ကော၊ လူနာတွေကော၊ ဝန်ထမ်းတွေကော မရှိတော့ဘူး။”ဟု မြို့အနီးသို့ တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲအခြေအနေကြောင့် စစ်ကောင်စီယန္တရားပျက်စီးသွားသဖြင့် ဇွန်လ(၂၂)ရက်နေ့တွင် သံတွဲခရိုင်ဆေးရုံမှ ဆရာဝန်များ၊ အထူးကုသမားတော်များ ထွက်ပြေးတိမ်းရှောင်သွားကြပြီးနောက် ဝန်ထမ်းအင်အား နည်းလာခြင်းဖြစ်သည်။ 

“ရွှေလှေတိုက်နယ်မှာ တိုက်ပွဲစဖြစ်ကတည်းက သံတွဲမြို့မှာမီးမရဘူး။ ဆေးရုံလည်းမီးမရတော့ ကောင်းကောင်း မလည်ပတ်နိုင်ဘူး။ ဒါကြောင့်လည်း ဆရာဝန်တွေတိမ်းရှောင်ကြတာ။ သံတွဲမြို့အနီးကရွာတွေကို ဗုံးကြဲခံရလို့ လူနာရောက်လာတော့ ဆရာဝန်တွေက အင်အားမလုံလောက်တော့ဘူး။ အခုတော့ ဘယ်သူမှမရှိတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အမှတ်(၅) ရပ်ကွက်၊ မဟာဗောဓိလမ်းရှိ ကိုမင်းဆွေဦး ကားပြင်ရုံကို ဗုံးသီးကျကာ ကားဝပ်ရှော့ဆရာ၏ မိခင်သေဆုံးရပြီး ဦးမြင့်စိုးအိမ်အပါအဝင် လူနေအိမ်(၃)လုံးမီးလောင်ကာ အမှတ်(၅)ရပ်ကွက်၊ မန်းတောင်အနီးတွင်လည်း ဒေါ်စန်းစန်းရီနေအိမ်နှင့် ဦးခင်မောင်နေအိမ်တို့အပြင် နေအိမ်တချို့ကို လက်နက်ကြီးထိမှန်သည့်အပြင် ရွှေဆံတော်ဘုရားကားတက်လမ်းပေါ်ရှိ ဒေါ်နီနီခိုင်နေလည်း လက်နက်ကြီးထိမှန် ပျက်စီးသည်ဟု သိရသည်။

“ငပလီမှာလည်း ဟိုတယ်တွေဗုံးကြဲခံရတယ်လို့ပြောတယ်။ ဒေသခံတွေကလည်း မရှိတော့ဘူး။ ဖုန်းလိုင်းတွေကလည်းမရတော့ အတိတကျတော့ မသိရတဲ့အခြေအနေဖြစ်နေတာ။ သံတွဲ-ဂွသွားတဲ့လမ်း ဇလွန်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားအင်အား(၂၀၀)လောက်နဲ့တပ်စွဲနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)၊ ခလရ(၅၅)နှင့် လေဆိပ်တို့ကို အာရက္ခတပ်တော်(AA) ကသိမ်းပိုက်ထားပြီးဖြစ်ကာ မောင်ရွှေလေးရေတပ်စခန်းနှင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများသာ ကျန်တော့သည်ဟု သိရသည်။

လူသားအားလုံးသည် ကျန်းမာရေးဆိုင်ရာကုသမှုအထောက်အကူရပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)တွင် သတ်မှတ်ဖေါ်ပြထားပြီး စစ်ပွဲများအတွင်း သို့မဟုတ် ပဋိပက္ခကာလအတွင်း ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်း မလုပ်ဆောင်ရဟု ဂျနီဗာကွန်ဗင်းရှင်းတွင် အတိအလင်းဖေါ်ပြထားခြင်းဖြစ်သည်။

#TachileikNewsAgency