မုံရွာတွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက် ၅ ဦးအရှင်ဖမ်းမိ

မုံရွာတွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက် ၅ ဦးအရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ထီးတော်တင်ရွာ၌ ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးကို အရှင်ဖမ်းမိကြောင်း သိရသည်။

အင်အား (၃၅)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် မိနစ်(၃၀)ခန့်အပြီး ယင်းစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂၀)ခန့် သေဆုံးကာ၊  စစ်သုံ့ပန်း(၅)ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံမှ MA 1 (၆)လက်၊ MA 3 (၂)လက်၊ MA 2 (၁)လက်၊ BA (၁၀၀) စိန်ပြောင်း (၁)လက်၊ (၆၀)မမ ဗုံးသီး (၅)လုံး၊ (၅.၅၆) ကျည် (၁၃၃၀)တောင့်၊ (၇၉) မမ ဗုံးသီး (၂)လုံးနှင့် ကျည်ဘောက် (၂၅)ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲ၍ ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊ ၉၊ ၁၀) ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၅) KLG PDF၊ 21 (ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင် တပ်ရင်း(၁၄)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency