ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန် ထိပ်တိုက် တောင်းဆို

ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန် ထိပ်တိုက် တောင်းဆို
သြဂုတ် 18, 2022 | နိုင်ငံရေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာ က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

"သူမ လက်ရှိ နေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းကြည်ရဲ့  ကျန်းမာရေး၊ နေထိုင်စားသောက်ရမှု နှင့် ပတ်သက်ပြီး အလွန် စိုးရိမ်ပါတယ်။ မကြာခင် သူမ အိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်။"ဟု အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တိုက်တွေ့ဆုံစဉ်  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က ရောက်ရှိလာသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ သည် ဩဂုတ်လ(၁၇)ရက်နေ့၏ နေ့လည်ပိုင်းတွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

"သူမအနေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရရှိပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရလည်း ကျွန်မက ဒေါ်အောင်ဆန်းစုကြည်ကို အရေးထားတဲ့အပြင် ကျွန်မရဲ့ သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ ဆွေးနွေးမှုတွေအတွက် သူမက အလွန်အရေးပါတဲ့ ပါဝင်သူတစ်ဦးလည်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်"ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် က ထပ်လောင်းပြောကြားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး ပုဒ်မများစွာဖြင့် အမှုဖွင့်ထားရာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့အထိ  အမှုပေါင်း (၇)မှုအတွက် စုစုပေါင်း ထောင်ဒဏ်(၁၇)နှစ်အထိ ချမှတ်ခံထားရပြီး ဆက်လက်၍လည်း အမိန့်မချရသေးသည့် အခြားမှုများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။