အိန္ဒိယ - ချင်း နယ်စပ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ စခန်းကို ပူးပေါင်းအဖွဲ့က ဝင်တိုက်၊ စကစ တပ်သား (၅)ဦးသေပြီး (၄)ဦး အလင်းဝင်လာ

အိန္ဒိယ - ချင်း နယ်စပ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ စခန်းကို ပူးပေါင်းအဖွဲ့က ဝင်တိုက်၊ စကစ တပ်သား (၅)ဦးသေပြီး (၄)ဦး အလင်းဝင်လာ
သြဂုတ် 10, 2022 | အခြားဒေသများ

 အိန္ဒိယ နှင့် ချင်းပြည်နယ်နယ်စပ်ဒေသရှိ အာဏာသိမ်းစစ်အုပ်စု၏ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး (၄)ဦးမှ အလင်းဝင်လာကြောင်း Civic Defense Militia -CDM -Siyin က ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်လာသည်။

အိန္ဒိယနှင့်နယ်စပ် တီးတိန်မြို့နယ်အတွင်းထဲက အာဏာသိမ်းစစ်အုပ်စု၏ ချောင်း(Cheu)စခန်းကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့ အကူး နံနက်(၂)နာရီမှ နံနက်(၇)နာရီအထိ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာမှ အာဏာသိမ်းစစ်အုပ်စုဘက်က အထိနာသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF Civic Defense Militia -CDM -Siyin အပါအဝင် PDF Zoland, CNDF နှင့်  MEDF ပူးပေါင်းပြီး တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်အုပ်စုဘက်က (၅)ဦးသေပြီး (၄)ဦးမှ လက်နက်များ မပါဘဲ အလင်းဝင်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် အာဏာသိမ်းစစ်အုပ်စုဘက်က တိုက်ပွဲများ ငြိမ်သွားပြီဖြစ်သော်လည် ရဟတ်ယာဉ်များဖြင့် ပျံသန်းနေကြောင်း Civic Defense Militia -CDM -Siyin မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောပြသည်။ 

အဆိုပါ တိုက်ပွဲအတွင်း  CDF Civic Defense Militia -CDM -Siyin ၏ တပ်သားတစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။



#TachileikNewsAgency