ယုံကြည်မှုနှင့် နိုင်ငံရေးဆန္ဒ မရှိခြင်းတို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ဟန့်တားနေသလို စစ်အုပ်စုအနေဖြင့် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ခိုင်မာသည့် တိုးတက်မှုမရှိပါက အာဆီယံအဖွဲ့က စစ်အုပ်စုကို ဆက်လက် ဖယ်ကြဥ်ထားမည်ဟု အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဩဂုတ်လ (၆) ရက်တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဖနွမ်းပင်မြို့တွင် ကျင်းပပြလုပ်ခဲ့သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့များက တိုက်ခိုက်မှုရပ်ရန် ဆန္ဒမရှိကြသည်ကို မြင်တွေ့နေရသော်လည်း ၎င်းအနေဖြင့် မြန်မာ့အရေးကို လက်လျှော့သွားမည်မဟုတ်ဟု ပရက်ဆော့ခွန်းက ဆိုသည်။
သို့သော် အချိန်ကာလတိုအတွင်း မြန်မာ့အရေး ကြီးမားသည့် တိုးတက်မှုရရှိရန် မျှော်လင့်ချက်များကို အာဆီယံအထူးကိုယ်စားလှယ်က သုံးသပ်ခဲ့သည်။
"ကျွန်တော်က အထူးသံတမန်တစ်ယောက်မျှသာ ဖြစ်ပါတယ်။ စူပါမန်း မဟုတ်ပါဘူး။ ကျွန်တော်ထင်တယ်ဗျ စူပါမန်းတောင်မှ မြန်မာပြဿနာကို ဖြေရှင်နိုင်မှာမဟုတ်ဘူး"ဟု ပရက်ဆော့ခွန်းက သတင်းထောက်များကို ပြောခဲ့သည်။
"ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံးက တိုက်ခိုက်မှုရပ်ဖို့ ဆန္ဒရှိတဲ့လက္ခဏာ မမြင်ရဘူး။ ကျွန်တော် အခု မြင်နေတာကတော့ ဆက်တိုက်ခိုက်နေကြမှာပဲ။ ဘာကြောင့်လဲ။ ဒါဟာ ယုံကြည်မှုမရှိကြလို့ပေါ့" ဟု ၎င်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၎င်းကဆိုသည်။
.
"ဒီလိုယုံကြည်မှုမရှိဘဲ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး နိုင်ငံရေးဖြစ်စဥ်က ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အသက်ကို စိုးရိမ်နေရရင် ဘယ်သူမှ လာမှာမဟုတ်ဘူး" ဟု ပရက်ဆော့ခွန်းက သုံးသပ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် အာဆီယံနှင့် သဘောတူညီထားခဲ့သည့် မြန်မာအကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့်အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်ခဲ့ခြင်းတို့ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို ရှုတ်ချခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။
ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟုလည်း သိရသည်။
Source: CNA