ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုအား အစိုးရက အင်အားသုံးအကြမ်းဖက်နှိမ်နှင်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေရသည့် ဆီးရီးယားနိုင်ငံမှ စစ်ဒဏ်ခံထားရသည့် အဆောက်အဦနံရံတစ်ခုတွင် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်နေသည့် မြန်မာပြည်သူများအတွက် နံရံပန်းချီတစ်ခုအား ဖန်တီးရေးဆွဲပေးထားသည်ကို တွေ့ရသည်။
နံရံပန်းချီတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သင်္ကေတအဖြစ် အသုံးပြုနေသည့် လက်သုံးချောင်းထောင်ထားသည့် ပြည်သူများနှင့် မြန်မာဘာသာဖြင့် စစ်အာဏာရှင်ကျရှုံးပါစေ၊ စစ်အာဏာရှင်အလိုမရှိ စာသားများနှင့်အတူ ပြည်သူများအနိုင်ရမည်ဟုပါ အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်တပ်က ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက်ဖြိုခွင်းနေခြင်းအား ဆီးရီးယားအနေဖြင့် ကောင်းစွာသိရှိနားလည်ကြောင်း ဖေါ်ပြထားပြီး အဆိုပါအဖြစ်အပျက်များ ရင်ဆိုင်နေရချိန်တွင် ကမ္ဘာကြီးက နှုတ်ဆိတ်နေသည်ဟုပါ ဖေါ်ပြထားကာ စည်းလုံးခြင်းတွင် နယ်နမိတ်မရှိဟု ရေးသားထားသည်။
၂၀၁၁ ခုနှစ်ကတည်းက ဒီမိုကရေစီငြိမ်းချမ်းစွာတောင်းဆိုရင်း ပြည်တွင်းစစ်ဖြစ်ခဲ့ရသည့် ဆီးရီးယားတွင် လက်ရှိအချိန်ထိ သေဆုံး၊ ပျောက်ဆုံးစာရင်းမှာ (၅)သိန်းကျော်ရှိနေပြီဖြစ်သည်။