အသက် (၆၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (၄၈) ထပ်ပါ မိုးမျှော်တိုက်ကို ဘာမှ မပါဘဲ တွယ်တက်ခဲ့သည့် ပြင်သစ် စပိုက်ဒါမန်း

အသက် (၆၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (၄၈) ထပ်ပါ မိုးမျှော်တိုက်ကို ဘာမှ မပါဘဲ တွယ်တက်ခဲ့သည့် ပြင်သစ် စပိုက်ဒါမန်း
စက်တင်ဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြင်သစ်စပိုက်ဒါမန်း (Spider-Man) ဟု လူသိများကြသည့် အမျိုးသားက ၎င်း၏ အသက် (၆၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရီမြို့ရှိ အထပ် (၄၈) ထပ်ပါ မိုးမျှော်တိုက်ကို မည်သည့် လုံခြုံရေး ကိရိယာမျှမပါဘဲ လက်ဗလာဖြင့် တွယ်တက်ခဲ့ကြောင်း သိရသည်။ 

Alain Robert က ပါရီမြို့တွင် စီးပွားရေးလုပ်ငန်းကြီးများ အခြေစိုက်သည့် Défense ရှိ Tour TotalEnergies မိုးမျှော်တိုက်အဆောက်အအုံကို ကြိုးများ သို့မဟုတ် လုံခြုံရေးဆိုင်းကြိုး မပါရှိဘဲ စက်တင်ဘာလ (၁၇) ရက်နေ့တွင် တွယ်တက်ပြခဲ့ခြင်း ဖြစ်သည်။

"အသက် (၆၀) ပြည့်သွားတာက ဘာမှမဟုတ်ဘူးဆိုတာ လူတွေကို မက်ဆေ့ချ်ပေးချင်တာပါ။ အားကစားလုပ်နိုင်သေးတယ်။ တက်တက်ကြွကြွနေနိုင်သေးတယ်။ အံ့ဩစရာတွေ လုပ်နိုင်တယ်ဆိုတာပေါ့" ဟု Alain Robert က Reuters သတင်းဌာနကို ပြောသည်။ 

မိုးမျှော်တိုက်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားချိန်တွင် ၎င်းကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

 ပြင်သစ်နိုင်ငံသား Alain Robert က ယခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် အသက် (၆၀) ပြည့်ခဲ့ကြောင်း သိရသည်။

Alain Robert က Tour TotalEnergies မိုးမျှော်တိုက်ကို ထိုနည်းအတိုင်း လက်ဗလာဖြင့် အကြိမ်များစွာ တွယ်တက်ပြခဲ့ဖူးသူ ဖြစ်သည်။ 

ယခုအကြိမ်တွင် ထိုမိုးမျှော်တိုက်၏ ထိပ်ဆုံးကိုရောက်ရှိရန် မိနစ် (၆၀) မျှသာ အချိန်ကြာခဲ့ကြောင်း Defense 92 သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ 

"ပြင်သစ်မှာ အသက် (၆၀) က အငြိမ်းစားယူရတဲ့ အသက်ဖြစ်နေတာကြောင့် ကျွန်တော် အသက် (၆၀) ပြည့်ရင် ဒီမိုးမျှော်တိုက်ကို နောက်တစ်ကြိမ် ထပ်တွယ်တက်မယ်လို့ ပြီးခဲ့တဲ့ နှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ကတိပေးထားခဲ့တယ်" ဟု Alain Robert က ပြောသည်။

မိုးမျှော်တိုက်ကို တွယ်တက်ပြခဲ့ခြင်းမှာ ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုသိရှိလာစေရန်လည်း ရည်ရွယ်သည်ဟု ၎င်းကဆိုသည်။ 

Alain Robert မှာ ကမ္ဘာတဝန်း အထပ်အများအပြားပါရှိသည့် မိုးမျှော်တိုက်အဆောက်အအုံများကို တွယ်တက်ပြသူအဖြစ် လူသိများသည်။ 

၎င်းက ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် Burj Khalifa မိုးမျှော်တိုက်၏ ထိပ်ဆုံး အပါအဝင် အထပ်မြင့် အဆောက်အအုံများကို လက်ဗလာဖြင့် တွယ်တက်ပြခဲ့သူ ဖြစ်သည်။ 

၎င်းက ကြိုတင်အသိပေးခြင်း သို့မဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ အဆောက်အအုံများကို တွယ်တက်လေ့ရှိပြီး အကြိမ်များစွာ အဖမ်းခံခဲ့ရကြောင်း သိရသည်။



Source: BBC

Photo: Lucien Libert/Reuters, Michel Euler/AP,