အသဲကွဲ ဆယ်ကျော်သက်များအတွက် နယူးဇီလန်အစိုးရက ဒေါ်လာ (၄) သန်း သုံးစွဲသွားမည်

အသဲကွဲ ဆယ်ကျော်သက်များအတွက် နယူးဇီလန်အစိုးရက ဒေါ်လာ (၄) သန်း သုံးစွဲသွားမည်
By Mr John

 နယူးဇီလန်နိုင်ငံတွင် အသဲကွဲနေသူများနှင့် ချစ်သူနှင့်လမ်းခွဲလိုက်သည့် ဆယ်ကျော်သက် လူငယ်များ ပုံမှန်ပြန်ဖြစ်ရေး ကူညီရန်အတွက် အစိုးရက အသုံးစရိတ် အမေရိကန်ဒေါ်လာ (၄) သန်း သုံးစွဲသွားမည်ဟု ဆိုသည်။ 

၂၀၂၃ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် စတင်လိုက်သည့် Love Better အစီအစဥ်အရ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနထံမှ (၃) နှစ်အတွင်း ဒေါ်လာ (၄) သန်းရရှိမည်ဖြစ်ပြီး ချစ်သူနှင့်လမ်းခွဲလိုက်သည့် ဆယ်ကျော်သက်များ ပုံမှန်ပြန်ဖြစ်ရေးနှင့် ၎င်းတို့၏ အချစ်ဇာတ်လမ်းတွင် ထိခိုက်ခံစားရမှု သက်သာစေရေး အကူအညီပေးရန်ဖြစ်ကြောင်း RZN သတင်းဌာနက ဖော်ပြသည်။

ယခုအစီအစဥ်ကို နယူးဇီလန် လူငယ်များက စီစဥ်ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရက ၎င်းတို့၏ အဓိက ကိစ္စရပ်များအနက် တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ပြောသည်။ 

"နယူးဇီလန်လူငယ် (၁,၂၀၀) ကျော်က အချစ်၏ အစောပိုင်းအတွေ့အကြုံများနှင့် စိတ်ထိခိုက်ခံစားရမှုကို ရင်ဆိုင်ဖြေရှင်းရန် အကူအညီလိုအပ်ကြောင်း ပြောခဲ့ကြပါတယ်။ လမ်းခွဲခြင်းက အများစုအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် သတ်မှတ်ထားကြတယ်" ဟု လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာ တွဲဖက်ဝန်ကြီး Priyanca Radhakrishnan က ထုတ်ပြန်ချက်တွင် ပြောထားသည်။

Love Better အစီအစဥ် ကြေညာမှုအတွက် ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် ဆယ်ကျော်သက်များက ၎င်းတို့၏ ချစ်သူဟောင်းများကို အဆက်အသွယ်မလုပ်ရန် တားဆီးရေးနှင့် ပြီးဆုံးခဲ့ပြီဖြစ်သည့် အချစ်ရေးကနေ ရှေ့ဆက်ရေးတို့ လိုအပ်နေကြောင်း ဖွင့်ဟထားကြသည်။ 

"ဒါက မယုံနိုင်စရာကြီး ဖြစ်လာတယ်။ ထိန်းမရဖြစ်လာတယ်။ ကျွန်တော် ညဘက်မှာ အိပ်ဖို့လိုတယ်။ ကျွန်တော် သူမကို မေ့ပစ်ဖို့လိုတယ်" ဟု ဆယ်ကျော်သက်တစ်ဦးက ပြောခဲ့သည်။

Love Better အစီအစဥ်၏ အစိတ်အပိုင်းအဖြစ် Youthline အဖွဲ့အစည်းက ချစ်သူနှင့်လမ်းခွဲလိုက်သည့် ဆယ်ကျော်သက်များကို ကူညီပေးရန် သီးသန့်ဖုန်းလိုင်း၊ စာတို သို့မဟုတ် အီးမေးလ် အကူအညီ စီစဥ်ထားပေးကြောင်း သိရသည်။ 

Youthline က အသက် (၁၂) နှစ်မှ (၂၄) နှစ်အရွယ် လူငယ်များကို ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပြီး နယူးဇီလန်အစိုးရက လက်ရှိ Youthline ၏ အကူအညီဝန်ဆောင်မှုကို တိုးချဲ့လုပ်ဆောင်နိုင်ရန် ဒေါ်လာ (၄) သန်း ပေးအပ်သွားမည်ဟု သိရသည်။

Source: CNN