ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်တွင် လက်နက်ကိုင် ဆူပူရမ်းကားခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်နိုင်သည်အထိ စွဲချက်တင်

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်တွင် လက်နက်ကိုင် ဆူပူရမ်းကားခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်နိုင်သည်အထိ စွဲချက်တင်
By Mr John

ထိုင်းနိုင်ငံ၏ အကြီးဆုံးလေဆိပ်တွင် လက်နက်ကိုင် ဆူပူရမ်းကားခဲ့သည့် အမျိုးသားတစ်ဦးကို ယခုအခါ စွဲချက်တင်ထားပြီဖြစ်ပြီး စွဲချက်များအနက် တစ်ခုမှာ သေဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။

အသက် (၃၄) နှစ်အရွယ် Watchara Khambut ကို မေလ (၃) ရက်နေ့က ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး စွဲချက်ခုနစ်ခုဖြင့် တရားစွဲထားသည်။

Khambut သည် ထိုနေ့ နံနက် (၁၀:၅၀) အချိန်တွင် လေဆိပ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် လုံခြုံရေးဂိတ်ကို ဖြတ်သန်းရန်ကြိုးပမ်းခဲ့သည်ဟု လေဆိပ်အထွေထွေမန်နေဂျာ Kittipong Kitikachon က ဆိုသည်။

လုံခြုံရေးဂိတ်က ဖြတ်သန်းခွင့်မပြုခဲ့ရာ Khambut က ဆိုင်ကယ်ကို ဂငယ်ကွေ့ပြန်ကွေ့သွားပြီး လေဆိပ်ဝင်းအတွင်းသို့ နောက်ထပ်လမ်းတစ်လမ်းကနေ ဝင်ရောက်သွားခဲ့ကာ သေနတ်တစ်လက် ဆွဲထုတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် လေဆိပ်အဆောက်အအုံအတွင်းသို့ လှေကားဖြင့်တက်ရောက်ခဲ့ပြီး မှန်တံခါးကို ရိုက်ခွဲရန်ကြိုးပမ်းခဲ့ကြောင်း လုံခြုံရေးအစောင့်များက ပြောသည်။

ထိုမှန်တံခါးမှာ သေနတ်ကိုင်ဆောင်ထားသည့် Khambut နှင့် လေဆိပ်အဆောက်အအုံအတွင်းရှိ ခရီးသည်များကြား တစ်ခုတည်းသော အတားအဆီးလည်း ဖြစ်သည်။

ထိုင်းအရှေ့မြောက်ပိုင်း Loei ပြည်နယ်မှဖြစ်သည့် Khambut ကို အဆောက်အအုံနှင့်ပစ္စည်း ဖျက်ဆီးမှု၊ အထိတ်တလန့်ဖြစ်စေမှုနှင့် လူတွေကို အန္တရာယ်ပြုရန် ခြိမ်းခြောက်မှု အပါအဝင် ပြစ်မှုများဖြင့် စွဲချက်တင်ထားကြောင်း ရဲအရာရှိ Jirawat Piampinset က မေလ (၅) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Piampinseth ၏ အဆိုအရ Khambut ထံတွင် ပုဆိန်တစ်လက်ပါရှိကြောင်းနှင့် သေနတ်မှာ အတုဖြစ်ကြောင်း သိရသည်။ Khambut သည် မူးယစ်ဆေးသုံးထားကြောင်းနှင့် ဖမ်းဆီးခဲ့စဥ် ၎င်းထံတွင် ယာဘ Yaba ဟု သိထားကြသည့် စိတ်ကြွရူးသွပ်ဆေး တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လေဆိပ်တွင် လက်နက်ကိုင် ဆူပူရမ်းကားခဲ့သည့် Khambut ကို စွဲချက်တင်ထားမှုများအနက် Act on Certain Offenses Against Air Navigation အက်ဥပဒေ၏ ပုဒ်မ (၁၉) လည်းပါဝင်ပြီး ထိုပုဒ်မက သေဒဏ်ချမှတ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က CNN သတင်းဌာနကို ပြောသည်။

"အမြင့်ဆုံးပြစ်ဒဏ်ကတော့ သေဒဏ်ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဒီအမျိုးသားက ဒီလိုပြစ်ဒဏ်မျိုး ကျခံသင့်သလားဆိုတာ ဆုံးဖြတ်ဖို့ တခြား တရားစီရင်ရေးအဆင့်တွေ ရှိပါသေးတယ်" ဟု ရဲအရာရှိ Piampinseth က ရှင်းပြသည်။

လေဆိပ်တွင် လက်နက်ကိုင် ဆူပူရမ်းကားခဲ့သည့် ရည်ရွယ်ချက်ကို မသိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

"ဒီလူက သူ လေဆိပ်ကို ဘယ်လိုရောက်လာလဲဆိုတာတောင် မသိဘူးဗျ" ဟု Piampinseth က ပြောသည်။

 

Source: CNN, Bangkok Post