အကောင့်တုအချက်အလက်များ မပေးပါက Twitter ကို ဝယ်ယူရန် သဘောတူညီမှု ဖျက်သိမ်းနိုင်ကြောင်း အီလွန်မက်စ် ခြိမ်းခြောက်

အကောင့်တုအချက်အလက်များ မပေးပါက Twitter ကို ဝယ်ယူရန် သဘောတူညီမှု ဖျက်သိမ်းနိုင်ကြောင်း အီလွန်မက်စ် ခြိမ်းခြောက်
By Mr John

 

အကောင့်တုများနှင့် spam အကောင့်များဆိုင်ရာ အချက်အလက်များ မပေးအပ်ပါက Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ဖျက်သိမ်းနိုင်သည်ဟု အီလွန်မက်စ်က ဇွန်လ (၆) ရက်နေ့တွင် သတိပေး ခြိမ်းခြောက်လိုက်သည်။ 

Twitter သို့ ပေးပို့လိုက်သည့် စာတစ်စောင်တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာမက်စ်က ထိုအကောင့်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအတွက် ၎င်း၏တောင်းဆိုမှုအား ထပ်လောင်းပြောကြားထားသည်။

ထိုအချက်အလက်များ မပေးခြင်းမှာ Twitter ဘက်က တာဝန်ဝတ္တရားများကို ချိုးဖောက်ခြင်းဖြစ်ရာ ၎င်းအနေဖြင့် ကုမ္ပဏီချင်းပေါင်းစည်းမှုကို ရပ်စဲရန် အခွင့်အရေးအားလုံးရှိကြောင်း မက်စ်က ဆိုသည်။ 

မက်စ်၏ ယခုပြောကြားမှုအပေါ်  Twitter ဘက်က ချက်ချင်း မှတ်ချက်မပေးခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

မက်စ်က Twitter ကို ဝယ်ယူရန် သဘောတူညီမှု ဖျက်သိမ်းနိုင်ကြောင်း ယခုကဲ့သို့ စာရေးသားပေးပို့ပြီး သတိပေး ခြိမ်းခြောက်မှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ 

ယခင်ကမူ ၎င်းက အရောင်းအဝယ်ကိစ္စကို Twitter ပေါ်တွင်သာ ပြောနေခဲ့သည်။

ယခုသတင်းနှင့်အတူ Twitter ၏ ရှယ်ယာဈေးနှုန်းမှာ (၅.၅) ရာခိုင်နှုန်း ထိုးကျသွားခဲ့ပြီး ရှယ်ယာတစ်ခုလျှင် (၃၈.၁၃) ဒေါ်လာ ဖြစ်သွားခဲ့ကြောင်း သိရသည်။ 

မက်စ်က Twitter ကို ဝယ်ယူရန် ကမ်းလှမ်းထားသည့် ဒေါ်လာ (၄၄) ဘီလီယံ ပမာဏအရ Twitter ၏ ရှယ်ယာတစ်ခုလျှင် (၅၄.၂၀) ဒေါ်လာ ဖြစ်သည်။ 

"Twitter က ကုမ္ပဏီပေါင်းစည်းရေး သဘောတူညီချက်အရ ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် ပွင့်လင်းမြင်သာစွာ ငြင်းဆန်နေသည်ဟု မက်စ်က ယူဆထားကြောင်း၊ မက်စ် တောင်းဆိုထားသည့် အချက်အလက်များကို ကုမ္ပဏီက မပေးအပ်ဘဲ ထိန်ချန်ထားခြင်းဖြစ်သည်ဟု နောက်ထပ်သံသယ ဖြစ်စေကြောင်း" Twitter သို့ ပေးပို့သည့်စာတွင် ပြောထားသည်။

Twitter တွင် spam အကောင့်များ အမှန်တကယ် အရေအတွက်မှာ များစွာပိုမိုနိုင်ပြီး (၉၀) ရာခိုင်နှုန်းအထိ ဖြစ်နိုင်ခြေရှိကြောင်း မက်စ်က စွပ်စွဲထားခဲ့သည်။ 

Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ငွေသားပေးချေဝယ်ယူမည့် အရောင်းအဝယ်ကိစ္စကို ဆိုရှယ်မီဒီယာကုမ္ပဏီထံမှ အကောင့်တုများပါဝင်မှု အမှန်တကယ် အချိုးအစားကို ရရှိရန်စောင့်ဆိုင်းနေစဥ် ယာယီဆိုင်းငံ့ထားမည်ဟု မေလ (၁၃) ရက်တွင် မက်စ်က အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နေသည့် Twitter ကို ၂၀၀၆ ခုနှစ်တွင် ဂျက်ဒေါ်ဆင်က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းအချက်အလက်တွေအရ Twitter တွင် ဝန်ထမ်းအရေအတွက် (၇,၅၀၀) ကျော်ရှိပြီး ကမ္ဘာတဝန်း အသုံးပြုသူ (၂၁၇) သန်းရှိကြောင်း သိရသည်။

Source: Reuters, CNN