ထိုင်းနိုင်ငံ ရယောင်းရှိ စက်မှုဇုန်တစ်ခုတွင် လောင်စာသိုလှောင်ကန် ပေါက်ကွဲမီးလောင်မှုကြောင့် လူတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ရယောင်းရှိ စက်မှုဇုန်တစ်ခုတွင် လောင်စာသိုလှောင်ကန် ပေါက်ကွဲမီးလောင်မှုကြောင့် လူတစ်ဦး သေဆုံး
By Mr John

ထိုင်းနိုင်ငံ ရယောင်းပြည်နယ်ရှိ Map Ta Phut စက်မှုဇုန်တွင် ကြီးမားသော လောင်စာသိုလှောင်ကန် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးကာ အခြား လူ (၄) ဦး ဒဏ်ရာရခဲ့ပြီး အနီးအနားရှိ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။ 

Map Ta Phut Tank Terminal Co. Ltd. တွင် ၂၀၂၄ ခုနှစ် မေလ (၉) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀) နာရီဝန်းကျင်က pyrolysis gasoline (pygas) သိုလှောင်ကန်ကြီး ပေါက်ကွဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း နှင့် မွန်းလွဲ (၂) နာရီ (၂၀) မိနစ်ဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ကြားခဲ့ရပြီး မြေပြင်ပေါ်တွင် ဓာတုပစ္စည်းများ ယိုဖိတ်နေကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။  

သေဆုံးသွားသူ နိုတ်ဖွန် ရူန်မာ

အဆိုပါ ဖြစ်စဉ်ကြောင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ နိုတ်ဖွန်ပွန်ရူန်မာ ဆိုသူသည် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လောင်စာသို‌လှောင်ကန် ပေါက်ကွဲမီးလောင်မှုကြောင့် Siam Cement Group (SCG) ၏ ‌ရေနံဓာတု စက်ရုံခွဲ SCG Chemicals Plc (SCGC)တွင် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

 ထိုင်းနိုင်ငံ စက်မှုဇုန်အာဏာပိုင်အဖွဲ့ Industrial Estate Authority of Thailand (IEAT) က Map Ta Phut စက်မှုဇုန် ဧရိယာကို အဆင့် (၂) အရေးပေါ်အခြေအနေ Level 2 Emergency အဖြစ် ကြေညာခဲ့သည်။

Level 2 Emergency မှာ လူ၊ အဆောက်အအုံ၊ လုပ်ငန်း သို့မဟုတ် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် ထိန်းချုပ်၍မရသော အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်ပြီး ရွှေ့ပြောင်းရန် လိုအပ်ကြောင်း သိရသည်။ 

လောင်စာသိုလှောင်ကန် မီးလောင်မှုမှာ ကူးစက်ပျံ့နှံ့လာရာ IEAT အုပ်ချုပ်ရေးမှူး Veeris Ammarapala က ဆိပ်ကမ်းနှင့် Map Ta Phut စက်မှုဇုန်မှ လူတိုင်း ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ခဲ့သည်။

မီးလောင်မှုကြီးကို မထိန်းချုပ်နိုင် ဖြစ်လာသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် မီးလောင်မှု ဖြစ်ပွားနေသည့်နေရာမှ မီးသတ်သမားများ  ပြန်ဆုတ်ခဲ့ရကြောင်း မီးသတ်သမားများက ပြောသည်။ 

မီးလောင်နေသည့် နေရာအနီးရှိ လောင်စာသိုလှောင်ကန်များ အေးနေစေရန် ပင်လယ်ရေကို စုပ်တင်၍ လုပ်ဆောင်သွားရန် စီစဥ်ခဲ့ရကြောင်းလည်း သိရသည်။

 

#TachileikNewsAgency

Source: Bangkok Post

Photo: Fire & Rescue Thailand