ဖိလစ်ပိုင်တွင် အာဏာရှင် မားကို့စ်မျိုးဆက် နိုင်ငံရေးခေတ် တစ်ကျော့ပြန်ရောက်လာ

Photo: REUTERS/Eloisa Lopez
Photo: REUTERS/Eloisa Lopez
ဖိလစ်ပိုင်တွင် အာဏာရှင် မားကို့စ်မျိုးဆက် နိုင်ငံရေးခေတ် တစ်ကျော့ပြန်ရောက်လာ
ဇူလိုင် 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံတွင် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူက ဖာဒီနန်မားကို့စ်ဂျူနီယာ ဇွန်လ (၃၀) ရက်နေ့၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး မားကို့စ်နိုင်ငံရေးခေတ် ပြန်လည်စတင်လိုက်ကြောင်း သိရသည်။

 လွန်ခဲ့သည့် (၃၆) နှစ်က လူထုအုံကြွမှုဖြင့် အာဏာရှင်မားကို့စ် ဖြုတ်ချခံခဲ့ရပြီးနောက် ယခုအခါ ၎င်း၏သားဖြစ်သူက ဖိလစ်ပိုင်တွင် အာဏာပြန်ရလာခဲ့ခြင်း ဖြစ်သည်။ 

မားကို့စ်၏သား မားကို့စ်ဂျူနီယာက ယခုနှစ် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

မားကို့စ်နှင့်အတူ ရွေးကောက်ပွဲဝင်ခဲ့သည့် ဆာရာဒူတာတေးက ဒုတိယသမ္မတဖြစ်လာသည်။ 

ဆာရာဒူတာတေးမှာ သမ္မတရာထူးမှ အနားယူသွားသည့် ရိုဒရီဂိုဒူတာတေး၏ သမီးလည်းဖြစ်သည်။ 

မားကို့စ်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ဇွန်လ (၃၀) ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲကို မားကို့စ်၏ဇနီးနှင့် သား (၃) ဦး၊ မားကို့စ်၏မိခင် ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်လ်ဒါမားကို့စ်နှင့် အစ်မဖြစ်သူ အီမီမားကို့စ်တို့လည်း တက်ရောက်ခဲ့ကြသည်။



သမ္မတအဖြစ် ၎င်း၏ပထမဆုံး မိန့်ခွန်းတွင် ဖိလစ်ပိုင် ၏ ဒီမိုကရေစီသမိုင်းတွင် အကြီးမားဆုံး မဲဆန္ဒရှင်ထောက်ခံမှုကို ၎င်းအားပေးအပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောခဲ့သည်။ 

အသက် (၆၄) နှစ်အရွယ် မားကို့စ်အနေဖြင့် COVID-19 ကပ်ရောဂါကနေ နာလန်ပြန်ထူလာဆဲနှင့် စီးပွားရေးတွင် ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်နေခြင်း၊ ကြွေးမြီတိုးလာခြင်း အခြေအနေတို့ကို ဆက်ခံဖြေရှင်းရမည်ဟု ဆိုသည်။

 အလုပ်အကိုင်များ တိုးမြှင့်ဖန်တီးရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့တွင် ၎င်း၏ကတိကဝတ်များနှင့် ပတ်သက်၍ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုလုပ်ရန် ဆွေးနွေးမှု အနည်းငယ်သာရှိခဲ့ကြောင်း ဝေဖန်သူများက ပြောသည်။

ဖိလစ်ပိုင်သမ္မတသစ် ဖြစ်လာသည့် မားကို့စ်မှာ ၁၉၈၆ ခုနှစ်တွင် "ပြည်သူ့အာဏာ" လူထုအုံကြွမှုဖြင့် ၎င်း၏ဖခင် အာဏာရှင်ဖာဒီနန်မားကို့စ် ဖြုတ်ချခံရပြီးနောက် မိသားစုနှင့်အတူ ဟာဝိုင်အီသို့ ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ခဲ့သည်။

 ထို့နောက် ၁၉၉၁ ခုနှစ်တွင် ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့ချိန်ကတည်းက မားကို့စ်က ကွန်ဂရက်နှင့် ဆီးနိတ်လွှတ်တော်တို့တွင် လွှတ်တော်အမတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Source: BBC, Reuters