မကာအိုတွင် COVID-19 ကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းအများစု ပိတ်ထားသော်လည်း ကာစီနိုရုံများကို ဆက်လက်ဖွင့်ထား

မကာအိုတွင် COVID-19 ကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းအများစု ပိတ်ထားသော်လည်း ကာစီနိုရုံများကို ဆက်လက်ဖွင့်ထား
By Mr John

 ကမ္ဘာ့အကြီးဆုံး လောင်းကစားအချက်အချာ မကာအိုတွင် ဒုတိယမြောက်နေ့အဖြစ် COVID-19 အစုလိုက်အပြုံလိုက် စစ်ဆေးမှုများကို ဇွန်လ (၂၀) ရက်နေ့၌ စတင်ခဲ့သည်။ 

သီတင်းပတ်ကုန်ရက်များအတွင်း မကာအိုတွင် နယ်မြေအတွင်းကူးစက်မှုများ ဒါဇင်နှင့်ချီ တွေ့ရှိလာရပြီးနောက် COVID-19 စစ်ဆေးမှုများ လုပ်ဆောင်နေရာ စီးပွားရေးလုပ်ငန်းအများစုကို ပိတ်ထားသော်လည်း ကာစီနို လောင်ကစားရုံများကိုမူ ဆက်လက်ဖွင့်ထားသည်ဟု ဆိုသည်။

မကာအိုရှိ အကြမ်းဖျင်းအားဖြင့် လူ ၆၀၀,၀၀၀ ကို COVID-19 စစ်ဆေးနေမှုများ ဇွန်လ (၂၁) ရက်တွင် ပြီးဆုံးမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ 

ယခင် ပေါ်တူဂီ၏ ကိုလိုနီနယ်မြေဖြစ်ခဲ့ပြီး ယခုအခါ တရုတ်အစိုးရ၏ အထူးအုပ်ချုပ်ခွင့်ရနယ်မြေ မကာအိုက တရုတ်၏ "zero COVID" မူဝါဒကို လိုက်နာပြီး ရောဂါကူးစက်ဖြစ်ပွားမှုများကို အမြစ်ဖြတ်ရန် ရည်မှန်းထားသည်။ 

မကာအိုတွင် လူအများစုကို နေအိမ်တွင် နေထိုင်ကြရန် ပြောထားပြီး စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခွင့် ပိတ်ထားသည်။

မကာအိုနယ်စပ် ကန့်သတ်ချက်များကိုလည်း တင်းကျပ်ထားရာ အနည်းဆုံး တစ်ပတ်နှင့် လာမည့် ရက်သတ္တပတ်များတွင် ကာစီနိုဝင်ငွေများ လုံးဝနီးပါး မရရှိနိုင်ကြောင်း လေ့လာသူတွေက ဆိုသည်။ 

ထိုအခြေအနေနှင့်အတူ မကာအို ကာစီနိုများ၏ စတော့ရှယ်ယာဈေးနှုန်းများမှာ ဇွန်လ (၂၀) ရက်နေ့က (၈) ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ရာ မတ်လ (၁၅) ရက်နောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုလည်း ဖြစ်လာသည်။

မကာအိုအစိုးရက ကာစီနိုလုပ်ငန်းများအပေါ်  မှီခိုနေပြီး ၎င်း၏ဝင်ငွေ (၈၀) ရာခိုင်နှုန်းမှာ ကာစီနိုမှဖြစ်သည်။ 

မကာအိုလူဦးရေ အများစုမှာ ကာစီနိုလုပ်ငန်းတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်လုပ်ကိုင်နေကြကြောင်း သိရသည်။ 

ယခုနောက်ဆုံး COVID-19 ကူးစက်မှုများမှာ ရုတ်တရက်နှင့် လျင်မြန်စွာ ပျံ့နှံ့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရတွင် အစပြုခဲ့ကြောင်း မသိနိုင်သေးဟု မကာအို အကြီးအကဲ Ho Iat Seng က ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

မကာအိုတွင် ယခင်က ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း COVID-19 ကူးစက်မှု ဖြစ်ပွားခဲ့သည်။ 

မကာအိုတွင် အစိုးရဆေးရုံ တစ်ရုံတည်းသာရှိပြီး ဝန်ဆောင်မှုများမှာ နေ့စဥ်နှင့်အမျှ ပြည့်နေနှင့်ပြီးဖြစ်သည်။ 

မကာအိုတွင် နေထိုင်သူအများအပြားမှာ ကပ်လျက်ရှိ တရုတ်မြို့ Zhuhai တွင် နေထိုင်မှုနှင့် အလုပ် လုပ်ကိုင်မှုများရှိနေရာ တရုတ်နှင့်နယ်စပ်ကို ဆက်ဖွင့်ထားခဲ့ရာ အာဏာပိုင်တွေက မကာအိုလူဦးရေအားလုံးကို COVID-19 စစ်ဆေးရန် အလျင်အမြန် စီစဥ်ခဲ့ကြောင်း သိရသည်။

Source: Reuters