ထိုင်းနိုင်ငံတွင် မြန်မာနှင့် ကမ္ဘောဒီးယားများ လိုက်ပါလာသည့် ဗင်ကားက ကုန်တင်ကားကို တိုက်မိပြီး ကိုယ်ဝန်ဆောင် အပါအဝင် (၄) ဦး သေဆုံး

ထိုင်းနိုင်ငံတွင် မြန်မာနှင့် ကမ္ဘောဒီးယားများ လိုက်ပါလာသည့် ဗင်ကားက ကုန်တင်ကားကို တိုက်မိပြီး ကိုယ်ဝန်ဆောင် အပါအဝင် (၄) ဦး သေဆုံး
By Mr John

ထိုင်းနိုင်ငံ ချောင်ဘူရီပြည်နယ်ရှိ အမှတ် (၇) အမြန်လမ်းတွင် မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသည့် ဗင်ကားတစ်စီးက နောက်တွဲကုန်တင်ယာဥ်ကို အနောက်မှဝင်တိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အပါအဝင် လူ (၄) ဦးသေဆုံးပြီး အခြား လူ (၉) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ (၈) ရက် နံနက်အစောပိုင်းတွင်  ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြကြောင်း နှင့် ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသော ဗင်ကား၏ရှေ့ပိုင်းမှာ ဆိုးရွားစွာ ပျက်စီးနေသည်ကို တွေ့ရကြောင်း သိရသည်။

ထိုဗင်ကားအနီးတွင် ကွန်တိန်နာသယ်ဆောင်လာသော (၁၈) ဘီးတပ် နောက်တွဲ ကုန်တင်ယာဥ်တစ်စီးကိုလည်း တွေ့ခဲ့ရကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။ 

ဗင်ကား၏ ယာဥ်မောင်းနှင့် ခရီးသည် (၁၂) ဦးမှာ ကားအတွင်း ပိတ်မိနေပြီး နောက်ပိုင်းတွင် ၎င်းတို့ကို ကားအပျက်အစီး ထဲမှ ဆွဲထုတ်နိုင်ခဲ့သည်။ 

 ဗင်ကား၏ ယာဥ်မောင်း အသက် (၅၅) နှစ်အရွယ် Pattaradet Kaew-in ဆိုသူ နှင့် ခရီးသည် (၃) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် အခြား လူ (၉) ဦး ဒဏ်ရာရခဲ့ပြီး (၅) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် ၎င်းတို့ကို ချောင်ဘူရီဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

 ရဲတပ်ဖွဲ့ ၏ စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ဗင်ကားမှာ မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား (၁၂) ဦးကို တင်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

ထိုအလုပ်သမားများက ရွှေ့ပြောင်းအလုပ်သမားကတ် အသစ်ပြုလုပ်ရန်အတွက် ၎င်းတို့ကို Chanthaburi နယ်စပ်ပြည်နယ်သို့ ပို့ဆောင်ပေးရန် ဗင်ကားကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အမြန်လမ်းတစ်လျှောက် မောင်းနှင်လာစဥ် ဗင်ကားက ရုတ်တရက် ၎င်း၏ကားကို အနောက်ဘက်မှ ဝင်တိုက်ခဲ့ကြောင်း နောက်တွဲကုန်တင်ယာဥ်မောင်း အသက် (၅၀) နှစ်အရွယ် Sayen Phalaphon က  ရဲတပ်ဖွဲ့ကို ပြောသည်။ 

ဗင်ကား၏ ယာဥ်မောင်းဖြစ်သူမှာ အိပ်ငိုက်သွားခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က သံသယရှိပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။ 

ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့သည့် ခရီးသည် (၃) ဦးမှာ မည်သည့် နိုင်ငံသားများဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

Source: Bangkok Post

Photo: Sawang Pratheep Si Racha rescue team