အာဆီယံနှင့်ဆက်ဆံရေး ဘက်စုံမဟာဗျူဟာ မိတ်ဖက် အဆင့်သို့ တိုးမြှင့်မည်ဟု အမေရိကန်နှင့်အာဆီယံ ကတိပြု

Photo: REUTERS/Leah Millis
Photo: REUTERS/Leah Millis
အာဆီယံနှင့်ဆက်ဆံရေး ဘက်စုံမဟာဗျူဟာ မိတ်ဖက် အဆင့်သို့ တိုးမြှင့်မည်ဟု အမေရိကန်နှင့်အာဆီယံ ကတိပြု
By Mr John

ဝါရှင်တန်ဒီစီတွင် ယခုရက်ပိုင်း ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးက အမေရိကန်နှင့် အာဆီယံတို့ကြား ဆက်ဆံရေး ခေတ်သစ်တစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၂ ခုနှစ် မေလ (၁၃) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

 REUTERS/Leah Millis

နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် အချက် (၂၈) ချက်ပါ သဘောထားထုတ်ပြန်ချက်တွင် အမေရိကန်နှင့် အာဆီယံဆက်ဆံရေးကို မဟာဗျူဟာမိတ်ဖက်အဆင့်မှ ဘက်စုံမဟာဗျူဟာမိတ်ဖက်အဆင့်သို့ လာမည့် နိုဝင်ဘာလတွင် တိုးမြှင့်သွားရန် ကတိပြုထားကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေး သဘောထားထုတ်ပြန်ချက်တွင် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း ထပ်မံပြောကြားထားသော်လည်း ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကစ၍ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားကို အမည်တပ် ရှုတ်ချခြင်း မရှိသည်ကို တွေ့ရသည်။

ယခုထိပ်သီးအစည်းအဝေးမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတတစ်ဦးက အာဆီယံခေါင်းဆောင်များနှင့် ပြုလုပ်သည့် ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်သည်။

အမေရိကန်အနေဖြင့် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ခြင်းက  ရုရှားက ယူကရိန်းကို ကျူးကျော်နေသည့်အရေးကိစ္စအပြင် တရုတ်၏ ကာလရှည်ကြာစိန်ခေါ်မှုရှိနေသည့် အင်ဒို-ပစိဖိတ်အရေးကို အာရုံစိုက်ထားဆဲဖြစ်ကြောင်း ပေါ်လွင်စေပြီး  ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများ၏  ရပ်တည်ချက်ကို ပိုမိုပြတ်သားခိုင်မာရန် ဆွဲဆောင်နိုင်မည်ဟုလည်း သမ္မတဂျိုးဘိုင်ဒန်က မျှော်လင့်ထားသည်ဟု ခန့်မှန်းထားကြသည်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ဖြစ်သည့် မေလ (၁၃) ရက်နေ့တွင် သမ္မတဂျိုးဘိုင်ဒန်က နိုင်ငံတော်လုံခြုံရေးကောင်စီ ဝန်ထမ်းအကြီးအမှူး Yohannes Abraham ကို အာဆီယံဆိုင်ရာ အမေရိကန်သံတမန်အဖြစ် ခန့်အပ်ကြောင်းကိုလည်း ကြေညာခဲ့သည်။ 

ထိုရာထူးနေရာမှာ ၂၀၁၇ ခုနှစ်တွင် ဒေါ်နယ်ထရန့်အစိုးရ စတင်တာဝန်ယူချိန်ကတည်းက လစ်လပ်နေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုထိပ်သီးအစည်းအဝေးတွင် သမ္မတဂျိုးဘိုင်ဒန်က Indo-Pacific Economic Framework (IPEF) ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး လာမည့် အောက်တိုဘာလအတွင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးအစည်းအဝေး ပြုလုပ်သွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်က ကြေညာခဲ့သည်။ 

လေ့လာသူများ၏ အဆိုအရ အာဆီယံနိုင်ငံများအနက် စင်ကာပူနှင့် ဖိလစ်ပိုင်တို့က IPEF မူဘောင်အောက်တွင် ညှိနှိုင်းမှုများအတွက် သဘောတူလက်မှတ်ရေးထိုးမည့် ကနဦးအဖွဲ့တွင် ပါဝင်လာမည်ဟု မျှော်လင့်ထားကြသည်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ‌ဝေးတွင် အာဆီယံဒေသတွင်း အခြေခံအအောက်အအုံ၊ လုံခြုံရေး၊ ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုတို့တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀) အသုံးပြုသွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည်။ 

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ‌ဝေးတွင် သမ္မတဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည့် ငွေကြေးအကူအညီအသစ်တွင် အာဆီယံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ကျောက်မီးသွေးကဲ့သို့ ကာဗွန်အသုံးပြုမှု လျှော့ချရန်ရည်ရွယ်သည့် အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ သန်း (၄၀)၊ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ဒေါ်လာ သန်း (၆၀)၊ COVID-19 နှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါများကို စောစီးစွာ စစ်ဆေးသိရှိနိုင်ရန် ကျန်းမာရေးအကူအညီအတွက် ဒေါ်လာ (၁၅) သန်းတို့ ပါဝင်ကြောင်း သိရသည်။

သမ္မတအိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအနက် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့သည့် အစည်းအဝေးဖြစ်သည်။



Source: Reuters