ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဖာဒီနန်မားကို့စ်က ၎င်း၏နိုင်ငံအား ပြည်ပက ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ဟန့်တားမည်ဟု ကတိပြု ပြောကြားလိုက်သည်။
ဒါ့အပြင် အချုပ်အခြာအာဏာပိုင်နယ်မြေကို ခုခံကာကွယ်ကာ တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်ကျူးကျော်မှုကို ဆန့်ကျင့်ကန့်ကွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။
ထိုပြောကြားမှုမှာ လာမည့် ဇွန်လ (၃၀) ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတအဖြစ် စတင်တာဝန်ယူရမည့် မားကို့စ်က တရုတ်နှင့်ဆက်ဆံရေးကို ၎င်းအနေဖြင့် မည်သို့ ကိုင်တွယ်မည်ဆိုသည့်အပေါ် အပြင်းထန်ဆုံး မှတ်ချက်ပြု ပြောကြားမှုလည်း ဖြစ်သည်။
တရုတ်ထံမှ စိန်ခေါ်မှုများကို ခုခံသွားမည်ဟု မားကို့စ်က ပြောခဲ့ပြီး ဖိလစ်ပိုင်၏ စီးပွားရေးလုပ်ပိုင်ခွင့်များကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသော ၂၀၁၆ ခုနှစ် နိုင်ငံတကာခုံရုံး စီရင်ဆုံးဖြတ်ချက်ကို အခိုင်အမာ ရပ်တည်လိုက်နာသွားမည်ဟု ဆိုသည်။
"အဲဒီနေရာမှာ ဆွေးနွေးညှိနှိုင်းမှု မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာက အလေးအမြတ်ထားစရာပါ။ ဒါကို ဘယ်နည်းနဲ့မှ ကျွန်တော်တို့ အလျှော့ပေးလိမ့်မှာ မဟုတ်ဘူး" ဟု မားကို့စ်က ၎င်း၏ Facebook တွင် ဖော်ပြထားသော အင်တာဗျူးတစ်ခုအတွင်း ပြောထားသည်။
"ကျွန်တော်တို့က ပုံမှန်လည်ပတ်နေတဲ့ အစိုးရတစ်ရပ်ရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံကို ဘယ်လိုလုပ်ပါဆိုတာ တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ဘယ်သူကမှ ပြောစရာမလိုပါဘူး" ဟု မားကို့စ်က ဆိုသည်။
၁၉၈၆ ခုနှစ် လူထုတော်လှန်ရေးဖြင့် ဖြုတ်ချခံရသည့် ဖိလစ်ပိုင်အာဏာရှင်၏ သားဖြစ်သူ မားကို့စ်က ကျွန်းဆွယ်နိုင်ငံ၏ ကျယ်ပြောလှသည့် ကမ်းရိုးတန်း၏ မည်သည့်နေရာ သို့မဟုတ် ၎င်း၏ ရေမိုင် (၂၀၀) ရှိ အထူးစီးပွားရေးဇုန်ကို ထိပါးခံမည်မဟုတ်ကြောင်း ပြောခဲ့သည်။
"ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ တရုတ်ကို တသမတ်တည်း အခိုင်အမာ ပြောနေပါတယ်" ဟု မားကို့စ်က ပြောသည်။
ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် ထောက်ခံမဲ (၅၉) ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သူ အသက် (၆၄) နှစ်အရွယ် မားကို့စ်က တရုတ်ဘက်သို့ယိမ်းမည်ဟု မျှော်လင့်ရကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင့်နှင့် ဖုန်းဆက်သွယ်ပြောဆိုရာတွင် နှစ်နိုင်ငံဆက်ဆံရေးကို တိုးချဲ့မြှင့်တင်သွားမည် ကတိပြုခဲ့ကြောင်းလည်း သိရသည်။
သို့သော် တရုတ်လိုလားသည့် ရပ်တည်ချက်က အမေရိကန်နိုင်ငံနှင့် သမိုင်းဝင်မဟာမိတ်အဖြစ် နီးကပ်သည့်ဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်သည်။ အမေရိကန်မှာ ဖိလစ်ပိုင်ပြည်သူများနှင့် စစ်တပ်အကြား ကာလရှည်ကြာ လက်ခံထားသော ကာကွယ်ရေးနှင့် သံတမန်ရေး ထောက်ပံ့ပေးနေသည့် အဓိက အရင်းအမြစ်လည်း ဖြစ်သည်။
မားကို့စ်၏ ယခုပြောကြားမှုအပေါ် ဖိလစ်ပိုင်မြို့တော် မနီလာမြို့ရှိ တရုတ်သံရုံးက မှတ်ချက်မပေးသေးကြောင်း Reuters သတင်းက ဖော်ပြသည်။
မားကို့စ်က ၎င်း၏အစိုးရအနေဖြင့် လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံတကာမိတ်ဖက်များက ဒေသတည်ငြိမ်ရေးအတွက် အဓိကကျကြောင်း အသိအမှတ်ပြုထားသည်ဟု ဆိုသည်။
"ကျွန်တော်တို့က ကပ်ရောဂါနဲ့ သူ့ကြောင့်ဖြစ်လာတဲ့ အကျပ်အတည်းကနေ ထွက်လာတာဆိုတော့ စီးပွားရေးအရသာမက ပထဝီနိုင်ငံရေးအရလည်း မဟာမိတ်ဖွဲ့နဲ့ မိတ်ဖက်တွေဖွဲ့ရပါမယ်။ ပထဝီနိုင်ငံရေးအခြေအနေကို ဘယ်နိုင်ငံကမှ သူ့တို့ဘာသာသူတို့ ပြောင်းလဲလို့မရပါဘူး။ သူတို့က တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းပေးမယ့် မိတ်ဖက်တွေပါ" ဟု မားကို့စ်က ပြောသည်။
Source: Reuters