ကလေးကို ကျားလက်မှ ကယ်တင်ရန် လက်ဗလာဖြင့် တိုက်ခိုက်ခဲ့သည့် အိန္ဒိယမိခင် ဒဏ်ရာ အပြင်းအထန်ရ

ကလေးကို ကျားလက်မှ ကယ်တင်ရန် လက်ဗလာဖြင့် တိုက်ခိုက်ခဲ့သည့် အိန္ဒိယမိခင် ဒဏ်ရာ အပြင်းအထန်ရ
စက်တင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဒ်ယာပရာဒက်ရှ်ပြည်နယ်တွင် အမျိုးသမီးတစ်ဦးက သူမ၏ (၁၅) လအရွယ် သားလေးကို ကယ်တင်ရန် ကျားတစ်ကောင်အား လက်ဗလာဖြင့် တိုက်ခိုက်ခဲ့စဥ် ဒဏ်ရာပြင်းထန်စွာရခဲ့သည်။

 အာချာနာချောင်ဒရီ (Archana Choudhary) အမည်ရှိ အမျိုးသမီးက ရွာသားများ ရောက်မလာမီ မိနစ်အနည်းငယ်ကြာ လက်ဗလာဖြင့် ကျားနှင့်လုံးထွေးသတ်ပုတ်နေခဲ့သည်ဟု ဆိုသည်။

ယခုအခါ မိခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံးကို ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။ 

ထိုဖြစ်ရပ်မှာ စက်တင်ဘာလ  (၄) ရက်နေ့က Bandhavgarh Tiger Reserve ကျားထိန်းသိမ်းရေးနယ်မြေအစပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ကျားထိန်းသိမ်းရေးနယ်မြေ ပတ်ဝန်းကျင်တွင် ထိုသို့ တိရိစ္ဆာန်တိုက်ခိုက်မှုများမှာ ရှားပါးထူးခြားသည့် ဖြစ်ရပ်မဟုတ်ဟု ဆိုသည်။

ရွာသားများက BBC Hindi ကို ပြောကြားမှုအရ ကျားများအပြင် ဆင်များကလည်း ၎င်းတို့၏ ရွာများအတွင်း ဝင်ရောက်လာပြီး စိုက်ခင်းများကို ဖျက်ဆီးတတ်ကြသည်ဟု ဆိုသည်။ 

အိန္ဒိယတစ်ခွင် သစ်တောနှင့် အမျိုးသားဥယျာဥ်များအနီး နယ်မြေများတွင် နေထိုင်ကြသူများမှာ လူသားနှင့်တိရိစ္ဆာန်ကြား ပဋိပက္ခများကို ပိုမိုဖြစ်ပွားလာမှုကို မြင်တွေ့လာကြရသည်။

ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် အာချာနာချောင်ဒရီနှင့် သူမ၏ ကလေးငယ်တို့မှာ လယ်ကွင်းတစ်ခုတွင်ရှိနေစဥ် ချုံပုတ်များအတွင်းမှ ကျားတစ်ကောင်ထွက်လာပြီး နို့စို့အရွယ်ကလေးကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

Times of India သတင်းတွင် ဖော်ပြမှုအရ ကျားက ကလေး၏ ဦးခေါင်းကို ကိုက်ခဲပြီး ဆွဲခေါ်သွားရန် ကြိုးပမ်းနေစဥ် မိခင်ဖြစ်သူက ကြားဝင်ရောက်ကာ ကျားကို လက်ဗလာဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

အာချာနာချောင်ဒရီက အော်ဟစ်အကူအညီတောင်းခံရာ အနီးအနားတွင်ရှိနေသည့် ထိုနေရာသို့ ရွာသားများ ရောက်ရှိလာခဲ့ပြီးနောက် တုတ်ချောင်းများဖြင့် ကျားကို မောင်းထုတ်ခဲ့ကြသည်။ 

အာချာနာချောင်ဒရီမှာ ကျားနှင့်တိုက်ခိုက်ခဲ့မှုအတွင်း အဆုတ်ပေါက်သွားခဲ့ကြောင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာနက်နက်များရခဲ့ပြီး သူမ၏သားငယ်မှာလည်း ဦးခေါင်းတွင် ဒဏ်ရာများရခဲ့သည်။

ဆရာဝန်တစ်ဦးက BBC Hindi ကို ပြောကြားမှုအရ ကလေး၏ ဒဏ်ရာမျာမှာ မပြင်းထန်သော်လည်း  မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ပြင်းထန်သည်ဟု သိရသည်။ 

မိခင်နှင့်ကလေးကို အထူးကြပ်မတ်ကုသဆောင်တွင် ကုသပေးနေကြောင်း Jabalpur မြို့ရှိ အစိုးရ ခွဲစိတ်ကုဆရာဝန် ဒေါက်တာ Misthi Ruhela က ပြောသည်။

ထိုအတောအတွင်း ယခု ကျားတိုက်ခိုက်မှုကြောင့် စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။ 

ကျေးရွာများအတွင်း လမ်းမှားရောက်ရှိလာသည့် ကျားများကို လိုက်လံရှာဖွေပြီး ဖမ်းဆီးရန်မှာ ဌာနအတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သစ်တောအရာရှိတစ်ဦးက ဆိုသည်။

 ထိန်းသိမ်းရေးနယ်မြေကနေ နောက်ထပ် ကျားများ လွတ်ထွက်မသွားစေရေး သေချာစေရန် အစီအစဥ်များလည်း လုပ်ဆောင်ထားကြောင်း အကြီးတန်း အစိုးရအရာရှိ Sanjeev Srivastava က BBC Hindi ကို ပြောသည်။



Source: BBC

Photo: PTI