ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ရန် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives) လွှတ်တော်နှစ်ရပ်ပေါင်း အချေအတင် ဆွေးနွေးမှုနှင့် မဲပေးမှုကို ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီခေါင်းဆောင် Pita Limjaroentrat က ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက်ကို မရရှိခဲ့ဘဲ ဝန်ကြီးချုပ်ဖြစ်ခွင့် ဆုံးရှုံးသွားသည့်အပြင် လွှတ်တော်အမတ်အဖြစ်ကနေပါ ရပ်ဆိုင်းခံလိုက်ရသည်။
ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့ လွှတ်တော်မဲပေးမှုတွင် အမတ် (၇၁၅) ဦးက မဲပေးခဲ့ကြရာ MFP ခေါင်းဆောင် Pita ကို ထောက်ခံမဲ (၃၁၂) မဲနှင့် ကန့်ကွက်မဲ (၃၉၄) မဲ ဖြစ်ကြောင်း သိရသည်။
လွှတ်တော်အမတ် (၈) ဦးက ကြားနေခဲ့ပြီး တစ်ဦးက မဲမပေးခဲ့ဟု ဆိုသည်။
ဇူလိုင်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမအကြိမ် လွှတ်တော်မဲပေးမှုတွင်လည်း Pita မှာ ထောက်ခံမဲ (၃၂၄) မဲ၊ ကန့်ကွက်မဲ (၁၈၂) မဲ ရရှိခဲ့ပြီး ကြားနေမဲ (၁၉၉) မဲရှိခဲ့၍ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံခဲ့ရပေ။
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဖြစ်ရန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ် အရေအတွက် စုစုပေါင်း၏ ထက်ဝက်ထံမှ ထောက်ခံမဲ ရရှိရန် လိုအပ်သည်။
ယခု လွှတ်တော်မဲပေးမှု မတိုင်မီ ဇူလိုင်လ (၁၉) ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက MFP ပါတီခေါင်းဆောင် Pita ကို အောက်လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
Pita က iTV Plc မီဒီယာကုမ္ပဏီတွင် ရှယ်ယာများ ပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ တိုင်ကြားချက်ရှိလာခဲ့ပြီးနောက် အခြေခံဥပဒေခုံရုံးက တိုင်ကြားချက်ကို လက်ခံပြီး ၎င်းကို အမတ်အဖြစ်မှ ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အမတ်များမှာ မီဒီယာကုမ္ပဏီတစ်ခုခုတွင် ရှယ်ယာပိုင်ဆိုင်ခွင့်မရှိကြောင်း သိရသည်။
Pita ကမူ iTV ကုမ္ပဏီတွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ (၄၂,၀၀၀) မှာ ကွယ်လွန်သူ ဖခင်၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း ပြောဆိုထားသည်။
၎င်းမှာ ကွယ်လွန်သူ ဖခင်၏ ပိုင်ဆိုင်မှုများကို စီမံဆောင်ရွက်ခွင့်ရှိသူဖြစ်ပြီး iTV ရှယ်ယာများကို ဆွေမျိုးများကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း Pita က ဆိုသည်။
Pita ကို လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီးနောက် ၎င်းအား ထောက်ခံသူများက လွှတ်တော်အဆောက်အအုံရှေ့တွင် စုဝေးဆန္ဒပြကြသည်။
MFP ပါတီခေါင်းဆောင် Pita ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံရပြီးနောက် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ဒုတိယအများဆုံးရရှိခဲ့သည့် Pheu Thai ပါတီက MFP မပါဝင်သော ညွန့်ပေါင်းအုပ်စုတစ်ခုကို ဖွဲ့စည်းရန် အသင့်ရှိကြောင်း ပါတီသတင်းရင်းမြစ်များက ပြောထားပြီး Pheu Thai ပါတီဝင် စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်မည်ဟု ယူဆရသည်။
Source: Bangkok Post, Khaosod