ရုရှားစစ်တပ်က ယူကရိန်း စာသင်ကျောင်းကို ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် (၆၀)ဦးအထက်မနည်း သေဆုံးနိုင်

Photo: Handout/REUTERS,
Photo: Handout/REUTERS,
ရုရှားစစ်တပ်က ယူကရိန်း စာသင်ကျောင်းကို ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် (၆၀)ဦးအထက်မနည်း သေဆုံးနိုင်
By Mr John

ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်း Luhansk ဒေသရှိ ကျေးရွာစာသင်ကျောင်းတစ်ကျောင်းကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ (၆၀) ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေလ (၈) ရက်တွင် ပြောသည်။

စစ်ဘေးရှောင်ခိုလှုံနေသူ (၉၀) ဦးခန့်ရှိနေသည့် ကျေးရွာစာသင်ကျောင်းပေါ်သို့ ရုရှားတပ်ဖွဲ့တွေက မေလ (၇) ရက် မွန်းလွဲပိုင်းတွင် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Serhiy Gaidai က ဆိုသည်။



ဗုံးထိမှန်မှုကြောင့် စာသင်ကျောင်းအဆောက်အအုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး (၄) နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

"လူ ၃၀ ကို အပျက်အစီးတွေထဲကနေ ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့တယ်။ သူတို့ထဲက (၇)ယောက်က ဒဏ်ရာရထားတယ်။ လူ ၆၀ ကတော့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ သေဆုံးခဲ့နိုင်တယ်" ဟု အုပ်ချုပ်ရေးမှူးက Teleghram တွင် ရေးသားထားကြောင်း Reuters သတင်းက ဖော်ပြသည်။

ဗုံးကြဲခံရပြီးနောက် အလောင်း(၂)လောင်း ရှာဖွေတွေ့ရှိထားသည်ဟု ဆိုသည်။

ယခုသတင်းကို ချက်ချင်း အတည်မပြုနိုင်သေးကြောင်း Reuters က ပြောထားသည်။



ယခုစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထားနေကြောင်း ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စု မဟာမိတ်များက ပြောဆိုကြပြီး ရုရှားအစိုးရဘက်က ငြင်းဆိုထားသည်။

ရထားဘူတာရုံကို ရုရှားတပ်ဖွဲ့ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် မြင်ကွင်း အချို့

ဧပြီလ (၈) ရက် အစောပိုင်းကလည်း ယူကရိန်းအရှေ့ပိုင်း Kramatorsk မြို့ရှိ ဘူတာရုံတွင် ရထားဖြင့် စစ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ စုပြုံရှိနေစဥ် ရုရှားတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်ခဲ့မှုအတွင်း ကလေးငယ် (၁၀) ဦး အပါအဝင် လူ (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၉၈) ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက ပြောသည်။



ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ရုရှားအစိုးရသတင်းဌာန RIA ကမူ ဘူတာရုံကို ထိမှန်ခဲ့သည့် ဒုံးကျည်မှာ ယူကရိန်းစစ်တပ်က အသုံးပြုသည့် ဒုံးကျည်များသာဖြစ်ပြီး ရုရှားစစ်တပ်က Kramatorsk မြို့တွင် မည်သည့်ပစ်မှတ်ကိုမျှ သတ်မှတ်ညွှန်ကြားထားခြင်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသည်။

Kramatorsk မြို့တော်ဝန် Oleksander Honcharenko ၏ အစောပိုင်း ပြောကြားမှုအရမူ ဒုံးကျည်ထိမှန်ခံရစဥ် ဘူတာရုံတွင် လူ ၄,၀၀၀ ခန့်ရှိနေခဲ့သည်ဟု ဆိုသည်။



အတောအတွင်း ရုရှားတပ်ဖွဲ့တွေက မာရီယူပိုးမြို့ရှိ Azovstal သံမဏိစက်ရုံကို အပြင်းအထန် ဆက်လက် တိုက်ခိုက်နေကြောင်း ထိုစက်ရုံထဲတွင် ခုခံကာကွယ်နေသည့် ယူကရိန်း Azov တပ်ရင်းက မေလ (၈) ရက်တွင် ပြောသည်။

၎င်းတို့ အသက်ရှင်နေချိန်အထိ ရုရှားတွေကို ခုခံတိုက်ခိုက်သွားမည်ဟု သံမဏိစက်ရုံထဲတွင်ရှိနေသည့် ယူကရိန်းဗိုလ်ကြီး Sviatoslav Palamar က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



 စက်ရုံထဲမှ ဒဏ်ရာရ စစ်သားများ ရွှေ့ပြောင်းနိုင်ရေး အကူအညီပေးရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ၎င်းက ပန်ကြားလိုက်သည်။

ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့တို့က ကြားဝင်မှုအရ စက်ရုံအတွင်း ပိတ်မိနေခဲ့သည့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကို တစ်ပတ်ကြာ ရွှေ့ပြောင်းရေးအစီအစဥ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သံမဏိစက်ရုံမှ အရပ်သား (၃၀၀) ကျော်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ထိုအရေအတွက်ထက် လျော့နည်းကာ သုံးရက်အတွင်း လူ (၅၁) ဦးကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။



 အကြီးအကျယ် တိုက်ခိုက်ခံနေရသည့် အဆိုပါ သံမဏိစက်ရုံကြီးကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး ထိုနေရာမှာ ရုရှားထိန်းချုပ်မှုအောက် မရောက်ရှိသေးသည့် မာရီယူပိုးမြို့၏ နောက်ဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။

မာရီယူပိုးကို သိမ်းပိုက်ရန်မှာ ရုရှားတပ်ဖွဲ့တွေအတွက် အရေးကြီးပြီး ခရိုင်မီးယားနှင့် ဒွန်ဘတ်စ်ဒေသကြား ဆက်သွယ်သွားလာရေး လမ်းကြောင်းရရှိမည် ဖြစ်သည်။

ထို့အတူ ယူကရိန်း၏ ပင်လယ်နက်ကမ်းရိုတန်း (၈၀) ရာခိုင်နှုန်းကျော်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မာရီယူပိုးကို သိမ်းပိုက်နိုင်ရန် ရုရှားတပ်ဖွဲ့တွေက အကြီးအကျယ် တိုက်ခိုက်နေခဲ့ရာ မြို့၏ (၉၀) ရာခိုင်နှုန်းကျော်မှာ ထိခိုက်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။



Source: Reuters, CNN





- Kramatorsk မြို့ ဘူတာရုံသတင်း