အာဏာသိမ်းစစ်ခေါင်းဆောင်က မေလ(၉)ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေးအတွက် အမည်စာရင်းပေးသွင်းရန် ကြေညာထားမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF က တက်ရောက်မည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ချက်ကို မေလ(၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှာ ညှိနှိုင်းရေးကော်မတီမှ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကမ်းလှမ်းလာရာ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သည့် အခင်းအကျင်းမရှိသည့်အတွက် ABSDF အနေဖြင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးနိုင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ထုတ်ပြန်ထားရှိသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NUG နှင့် PDF များကလွဲ၍ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် EAOs များမဆိုကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာထားပြီးနောက် အချို့အဖွဲ့မှာ တက်ရောက်ရန် စာရင်းပေးထားပြီး အဆိုအချို့များမှာ ယုံကြည်မှုမရှိ၍ မတက်ရောက်ကြောင်း ထုတ်ပြန်ထားကြသည်။