မြိုင် နှင့် ကလေးမြို့နယ်အတွင်း (၂)ရက်တာ ကြားဖြတ် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီဘက်က (၁၆)ဦး သေဆုံး

မြိုင် နှင့် ကလေးမြို့နယ်အတွင်း (၂)ရက်တာ ကြားဖြတ် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီဘက်က (၁၆)ဦး သေဆုံး
ဧပြီ 26, 2022 | အခြားဒေသများ

 မြိုင် နှင့် ကလေးမြို့နယ်အတွင်း (၂)ရက်တာ ကြားဖြတ် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီဘက်က (၁၆)ဦး သေဆုံးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၂ခုနှစ် ဧပြီလ(၂၅)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။



မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းရွာတွင် တပ်စွဲထားသည့် အင်အား (၁၀၀)ဝန်းကျင်ပါ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဧပြီလ (၂၅)ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦးသေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ကိုင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နဂါးနီအဖွဲ့၊ မြိုင်တပ်ခွဲ-၂၊ KG အဖွဲ့၊ မြိုင်မြို့ပြပျောက်ကြားအဖွဲ့နှင့် Pakokku PDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအနီးတွင် ဧပြီ လ(၂၄)ရက်နေ့က အာဏာသိမ်းသစ်ကောင်စစ်တပ်များနှင့် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၉)ဦးသေကြောင်း CNDF က  သတင်းထုတ်ပြန်သည်။

CNDF တပ်မဟာ(၁)၊ တပ်ရင်း(၂)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦး သေပြီးနောက် စစ်‌ကောင်စီတပ်ဖက်မှ  ညနေပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာကြရာ ထပ်မံတိုက်ပွဲ ဖြစ်ပွားပြီး  စစ်ကောင်စီဖက်မှ (၅)ဦး သေခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ် အပါအဝင် ချင်း - စစ်ကိုင်း - မကွေး နယ်စပ်တလျှောက်တွင် နေ့စဉ် စစ်ကြောင်းထိုးနေပြီး ကျေးရွာများအတွင်း ဝင်ရောက်ကာ ဖမ်းဆီးနှိပ်စက်ခြင်းများအပြင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသတော်လှန်ရေးစစ်သည်တော်များမှာ လမ်းတွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရသည်ဟု သိရသည်။