ရေး နှင့် မော်လမြိုင်အကြား ကြားဖြတ်တိုက်ခံရသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း သေဆုံးသူ များပြား

ရေး နှင့် မော်လမြိုင်အကြား ကြားဖြတ်တိုက်ခံရသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း သေဆုံးသူ များပြား
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့မှ မော်လမြိုင်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ရေး‌မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း  Black Lightning Force က  သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းတိုက်ခိုက်မှု အပြီးတွင် ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ထွက်ခွါနိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၇)ရက်နေ့ကလည်း သံဖြူဇရပ်မြို့ဘက်သို မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါ လာသော စစ်သုံးဟိုင်းလတ်ယာဉ်ကို လိ‌မ္မော်ခြံရွာနှင့် အောင်သပြေရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား(၉)ယောက် သေခဲ့ကြောင်း သိရသည်။

Black Lightning Force သည် ရေးမြောက်ပိုင်း PDF၊ ရေးတောင်ပိုင်း PDF၊ တောင်ပိုင်းတိုင်း PDF တို့ ပူးပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။