တိုင်းနှင့်ပြည်နယ်များတွင် နေ့စဉ် အကြမ်းဖက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းနှင့်တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်

တိုင်းနှင့်ပြည်နယ်များတွင် နေ့စဉ် အကြမ်းဖက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းနှင့်တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်
ဧပြီ 23, 2022 | နိုင်ငံရေး

ကျေးရွာများနှင့် ဘာသာရေးအဆောက်အဦများကို လက်နက်ကြီးများဖြင့် နေ့စဉ် မပစ်ခတ်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ တပ်စခန်းများ နှင့် တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် နှင့် ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလာသည်။

၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် " ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့လုပ်ဆောင် လာပါက တပ်မတော် အနေဖြင့် လိုအပ်သည့်အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။"ဟု ဖော်ပြထားသည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီတပ်က ထာဝရငြိမ်းချမ်းရေး ရရှိရန် ဦးတည်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားပြီး အဘက်ဘက်ကနေ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကတိကဝတ်စကား အရ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ် နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းနှင့်ပြည်နယ်များသို့ စစ်ကြောင်းများ နေ့စဉ် ထိုးနေသည့်အပြင် လေကြောင်း ပစ်ခတ်မှုများဖြင့်ပါ ပစ်ခတ် ဗုံးကြဲမှုများ လုပ်ဆောင်နေသည့်အတွက် သိန်းနှင့်ချီသည့် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်ထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲစွာဖြင့် ဒုက္ခရောက်နေကြရသည်ဟု ဒေသခံများ ထံက သိရသည်။