အာဏာသိမ်း စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် ကျားပေါက် နှင့် မိတ်ကပ်မေဦး အပါအဝင် (၁၇)ဦးကို နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း ကြေညာ

အာဏာသိမ်း စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် ကျားပေါက် နှင့် မိတ်ကပ်မေဦး အပါအဝင် (၁၇)ဦးကို နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း ကြေညာ

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းကြောင်းကြေညာထားသည့် (၁၆)ဦးအပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် ကျားပေါက် နှင့်  မိတ်ကပ်မေဦး အပါအဝင် (၁၇)ဦးကို နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း ဧပြီလ(၁)ရက်နေ့တွင် ထပ်မံ ကြေညာလာသည့်အတွက် နိုင်ငံသားအဖြစ် ရုတ်သိမ်းခံရသူ စုစုပေါင်း (၃၃)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၆၇) အရဖွဲ့စည်းသည့် ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊  အဆိုတော်ကျားပေါက်၊ မိတ်ကပ် မေဦး နှင့်  ဦးဟန်လင်း၊ သရဝဏ်-ပြည်၊ သရုပ်ဆောင်ဒေါင်း၊ ဦးအောင်ကျော်နိုင်၊ ဒေါ်မြမြကြည်၊ ဦးကျော်စွာမင်း၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်စုစုအောင်၊ ဦးကျော်စွာထွန်း၊ ဒေါ်ကြူကြူမြင့်၊ ဒေါ်မြတ်သွယ်အောင်၊ ဒေါ်ယမင်းယု၊ ဦးရဲခေါင်နှင့် ဦးမောင်မောင်လတ် စသည့် (၁၇)ဦးတို့ကို  နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု စစ်ကောင်စီက ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကြေညာထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ(၄)ရက် နှင့် မတ်လ(၇)ရက်နေ့များကလည်း ဦးဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ မအိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ၊  ဒေါ်ခင်မမမျိုး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို၊ အဆိုတော် ဆောင်းဦးလှိုင်၊ တင်ဆက်သူ မောင်မောင်အေး၊  အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်(ခ) ပြည်သစ်ညွန့်ဝေ နှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ကိုလည်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာထားခဲ့သေးသည်။

၎င်းတို့ကို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားပြီး မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များအား ပြုလုပ်ခဲ့ကြကြောင်း စိစစ်ဖော်ထုတ် တွေ့ရှိရသည်ဟု စွပ်စွဲကာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၇ အရ ဖွဲ့စည်းသည့် ဗဟိုအဖွဲ့ သည် ပုဒ်မ ၆၈ ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ပုဒ်မ ၁၆ နှင့်အညီ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု အာဏာသိမ်းစစ်ကောင်စီက ကြေညာထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုများ၊ မတရားသဖြင့် ဖမ်းဆီးမှုများကြောင့် စစ်အာဏာရှင်ကို လက်မခံနိုင်သည့် ပြည်သူများမှာ လက်နက်ကိုင်တော်လှန်သည်များရှိသလို အကြောင်းအမျိုးမျိုး နေရာအနှံ့တွင် ထွက်ပြေးတိမ်းရှောင်နေကြရင်း ပြည်ပသို့ ရောက်ရှိသွားကြရသူများလည်း ရှိသည်။

#TachileikNewsAgency