ဆွာနယ်မြေရဲစခန်းကို ပဲခူးခရိုင် PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဆွာနယ်မြေရဲစခန်းကို ပဲခူးခရိုင် PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာနယ်မြေရဲစခန်းအား မတ်လ (၃၀)ရက်နေ့ ညပိုင်းက ရှော့တိုက်ပြောင်းနှင့် တစ်ကြိမ်၊ ၄၀ မမနှင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF က ထုတ်ပြန်သည်။

၎င်းတိုက်ခိုက်မှုကို တောင်ငူခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၃) ရှားလော့ ဦးဆောင်သော တပ်ဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ၄၀ မမနှင့် ပစ်ခတ်မည့်အချိန်တွင် ပြည်သူ့ကားတစ်စီး မောင်းလာသောကြောင့် ရှောင်ပစ်ရသဖြင့် ရဲစခန်း အုတ်နံရံသာမှန်၍ ကားလမ်းနှင့် အုတ်နံရံကြားတွင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ(၁)သည် အမြန်လမ်း မိုင်တိုင်အမှတ် (၅၂) ရှိ အာဏာသိမ်း  စစ်ကောင်စီဂိတ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှု ဖြစ်သည့်နေရာသို့ စစ်ဆေးရန် ထပ်မံရောက်ရှိလာသည့် စစ်‌ကောင်စီယာဉ်အား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားဘေးခြမ်းပျက်စီးပြီး ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို အရှိန်အဟုန်မြင့်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ ၎င်းတို့နှင့် နီးစပ်သော နေရာများအား ရှောင်ရှားကြရန် မေတ္တာရပ်ခံထားသည်။