အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့တွင် ဝေါ်လေသို့ ကျူးကျော်လာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံ၍ (၂၀)ကျော် သေဆုံး သွား

အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့တွင် ဝေါ်လေသို့ ကျူးကျော်လာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံ၍ (၂၀)ကျော် သေဆုံး သွား

နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး တပ်မတော်နေ့ အခမ်းအနားကျင်းပနေချိန် ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား (၂၀)ကျော် သေဆုံးသွားသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဝေါ်လေသို့ ကျူးကျော်ဝင်ရောက် လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို  မတ်လ(၂၇)ရက်နေ့တစ်နေ့တာအတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း Cobra အဖွဲ့က သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။ 

လေးကေ့ကော်ဒေသကို ဖြတ်သန်း၍ ဖလူးကျေးရွာဘက်မှ ဝေါ်လေသို့ ကျူးကျော်ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၄၄)နှင့် တပ်မ(၂၂) လက်အောက်ခံတပ်များအား နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ မြဝတီ-ဝေါ်လေ ဆက်သွယ်ထားသည့် ကားလမ်းမကြီး၏ လမ်းပိုင်းတစ်နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား(၂၀)ကျော်သေကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ထိခိုက်များသဖြင့် Mi 2 ရဟတ်ယာဥ်၊ Mi 35 ရဟတ်ယာဥ်များဖြင့် နှစ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့‌သော်လည်း Cobra အဖွဲ့မှ အကျအဆုံး မရှိခဲ့ဟု ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားအများအပြား ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးအလောင်းများကို ယခုအချိန်ထိ လာမသယ်ကြသဖြင့် လမ်းမ‌ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်ဟု ဆိုသည်။