မင်းကင်းမြို့နယ် ချင်းတွင်းအရှေ့ဘက်ကမ်းမှ ရွာနှစ်ရွာကို အာဏာသိမ်းတပ်က မီးရှို့ပြီး ရွာတွင်းကျန်ခဲ့သူအချို့ ပစ်သတ်မီးရှို့၊ ဖမ်းဆီးခံရ

မင်းကင်းမြို့နယ် ချင်းတွင်းအရှေ့ဘက်ကမ်းမှ ရွာနှစ်ရွာကို အာဏာသိမ်းတပ်က မီးရှို့ပြီး ရွာတွင်းကျန်ခဲ့သူအချို့ ပစ်သတ်မီးရှို့၊ ဖမ်းဆီးခံရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းမှ ရွာနှစ်ရွာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်များ ဝင်လာပြီး ကျေးရွာတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးကာ အရပ်သား (၄) ဦး ပစ်သတ်မီးရှို့ကာ အချို့ ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါကျေးရွာများတွင် မည်သည့်တိုက်ခိုက်မှုမှ မရှိဘဲ အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ပြီး စစ်ကြောင်းဝင်လာချိန်တွင် အချိန်တိုအတွင်း ထွက်ပြေးကြရ၍ ရွာထဲကျန်ခဲ့သူများလည်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF တွေနဲ့ အလှမ်းဝေးတဲ့နေရာမှာ ဖြစ်တာကတစ်ကြောင်း၊ ရွာခံ ပကဖ အရေအတွက် မလုံလောက်မှုနဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများတဲ့ရွာတွေဖြစ်တာက တစ်ကြောင်းကြောင့် ရွာခံပကဖတွေအနေနဲ့လည်း ခံစစ်မလုပ်နိုင်ဘဲ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရတယ်

ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းကျေးရွာနှစ်ရွာပေါင်း အိမ်ခြေ(၃၀၀)ကျော်ရှိသည့်အနက် အိမ်ခြေ (၂၂၀) မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံများထွက်ပြေးလွတ် မြောက်ခဲ့သော်လည်း ကျန်ရစ်ခဲ့သူများအနက် (၃)ဦးမှာ မီးရှို့ခံထားရကာ၊ (၁)ဦးမှာ ရွာလယ်လမ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြရပြီး အဆိုသေဆုံးသည့်အမျိုးသား၏ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစု (၂) စု ဖမ်းဆီးခံထားရသည်ဟု သိရသည်။

မထွက်ပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သည့် သက်ကြီးရွယ်အိုတွေတွေပါတဲ့ မိသားစုနှစ်စုကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိ နောက်ဆက်တွဲသတင်း မရရှိသေးဘူး

ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နယ် ချင်းတွင်းအနောက်ခြမ်းမှ အိုင်တောင်ရွာတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ညနေပိုင်းတွင် မီးရှို့ပြီး အိုင်တောင်နှင့် အနီးဝန်းကျင်ကျေးရွာ (၁၀)ရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးကြပါရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံနေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency