စစ်တက္ကသိုလ်ဆင်းတွေဟာ ငါးတစ်ကောင်လောက်ပင် တန်ဖိုး မရှိတော့ကြောင်း ပြည်သူများက သဘောထားမှတ်ချက်ပြုနေကြသည်။ စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၁) မှ ဗိုလ်ကြီးသေဆုံးမှုတွင် “ သေသွားတဲ့သူထက် အင်းထဲကငါးတွေကို ပိုနှမျောမိတယ်” ဟုပင် ပြည်သူများက လှောင်ပြောင်သရော်ကြသည်။
နိုင်ငံတော်အတွက် လေယာဉ်မှူးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ အချိန်များစွာကုန်၏။ အခွန်အခများစွာကိုလည်း သုံးရပြန်၏။ ပုံမှန်အားဖြင့်ဆိုလျင် လေယာဉ်မှူးတစ်ဦးသေဆုံးသည်မှာ ဝမ်းနည်းစရာဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သို့သော် ယခုကာလတွင် လေယာဉ်မှူးသည် ငါးတစ်ကောင်လောက်ပင် တန်ဖိုးအထားမခံရတော့ချေ။
“ အဆိုပါ စစ်တက္ကသိုလ်ဆင်း လေယာဉ်မှူး ဘာမှားခဲ့ပါသနည်း။ ”
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများရဲ့ အိုးအိမ်များ ဗုံးဒဏ်ခံနေရသည်။ ပြည်သူများ ဒုက္ခရောက်ကြရသည်။ ကိုယ့်ပြည်သူကို ဒုက္ခပြန်ပေးသော စစ်သားများကို ပြည်သူများက မုန်းတီးရွံရှာကြသည်မှာ မဆန်းပေ။ အဓိက တရားခံအစစ်တွေကတော့ လက်ရှိ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည်။ လေယာဉ်မှူးသည် စစ်ကောင်စီအမိန့်ကို နာခံသူအနေနဲ့ အသုံးတော်ခံခဲ့သည်။ ထို့အတွက်ကြောင့် လေယာဉ်မှူးသည် လူသားတစ်ဦးဖြစ်ပါလျက် လူသားဂုဏ်သိက္ခာဆုံးရှုံးပြီး ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ခြင်းဖြစ်သည်။
အဆိုပါ လေယာဉ်မှူးမိသားစုသည် ပြည်သူများရဲ့ မှတ်ချက်များကို ဖတ်ပြီးလောက်ပြီဟု ယူဆပါသည်။ မိသားစုအတွက် သမိုင်းအမဲစက်ထင်ကျန်ခဲ့ပြီဖြစ်သည်။ လေယာဉ်မှူးတင်မဟုတ် မိသားစုဝင်များပါ အရှက်ရပြီး ခေါင်းမဖော်နိုင်တော့ပေ။
ယခုဖြစ်ရပ်သည် လေတပ်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည် အရာရှိများရဲ့အနာဂတ်အတွက်လည်း အချက်ပေးခေါင်းလောင်းသံဖြစ်သည်။ လေတပ်မှာ တာဝန်ထမ်းဆောင်ခြင်းသည် သမိုင်းတရားခံအဖြစ် မှတ်တမ်းဝင်ခြင်းပင်ဖြစ်သည်။ ပြည်သူသည် လေတပ်မှ စစ်သည် အရာရှိများရဲ့ သမိုင်းဆိုးများကို ဘယ်သောအခါမှ မေ့လျော့မည် မဟုတ်ချေ။
ကျွန်တော်ကိုယ်တိုင်သည် စစ်တက္ကသိုလ်ဆင်း အရာရှိတစ်ဦးဖြစ်သည်။ သို့သော် စစ်ကောင်စီရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုများကြောင့် စစ်ကောင်စီကို ဆန့်ကျင်စွန့်ခွါခဲ့သည်မှာ ၁နှစ်ခန့်ရှိပြီဖြစ်သည်။ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ ရပ်တည်သောကြောင့် ပြည်သူများက တန်ဖိုးထားကြသည်။ စစ်ကောင်စီအမိန့်ကို နာခံပြီး ပြည်သူကို ညှင်းဆဲသတ်ဖြတ်နေသူများကိုကား ပြည်သူက ငါးတစ်ကောင်လောက်ပင် တန်ဖိုးမထားကြတော့သည်မှာ အထင်အရှားဖြစ်သည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်ထဲ ညီအစ်ကို စစ်သည် အရာရှိ စီနီယာ ဂျုနီယာများကို တွေးဆရန်မေးခွန်းထုတ်လိုသည်။
“ စစ်ကောင်စီအတွက် အသက်ပေးရသည်မှာ တန်ရဲ့လား ”
အလေးအနက်တွေးတော ဆင်ခြင်သင့်ပေသည်။ ရှေ့တွင် သင်ခန်းစာများစွာရှိသည်။ သေဆုံးစစ်သည်များသည် ပြည်သူ့တံတွေးခွက်တွင် မျောရသည်။ ပြည်သူများရဲ့ ရှုံ့ချခြင်းကို ခံရသည်။ ညီအစ်ကိုတို့ ဘဝကိုလည်း ထိုသို့ပင် နိဂုံးချုပ်ခံမည်လော။
ညီအစ်ကိုတို့တွင် ရွေးချယ်ရန် အခွင့်အရေးရှိသေးသည်။ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် ပြတ်သားစွာ ရပ်တည်ပါက သမိုင်းလှမည်ဖြစ်သည်။ မိမိတစ်ဦးတည်း ရပ်တည်ပါက တစ်ဦးစာသမိုင်းလှမည်ဖြစ်ပြီး တပ်ရင်းလိုက်ရပ်တည်ပါက တပ်ရင်းလိုက် သမိုင်းလှမည်ဖြစ်သည်။
စစ်တပ်အကြီးအကဲများသည် စစ်တပ်ကို လမ်းမှားရောက်အောင် တွန်းပို့နေပေသည်။ စစ်တပ်သည် အကြီးအကျယ်ကျရှုံးနေပြီ ဖြစ်သည်။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေပါက သမိုင်းလှနိုင်မည်မဟုတ်ချေ။ သမိုင်းသစ်ရေးထိုးရန်မှာ ပြည်သူချစ်သော ပြည်သူလေးစားသော တပ်မတော်သားဘဝကို ရွေးချယ်ခံယူခြင်း နည်းလမ်းတစ်ခုသာရှိသည်။ ထို့ကြောင့် ပြတ်သားစွာဆန့်ကျင်ကြပြီး ပြည်သူ့ဘက်အမြန်ရပ်တည်ကြဖို့ တိုက်တွန်းလိုသည်။