မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော်တွင် ကင်းလှည့်ပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၃)ဦးထက် မနည်းသေဆုံး

မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော်တွင် ကင်းလှည့်ပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၃)ဦးထက် မနည်းသေဆုံး
ဖေဖော်ဝါရီ 17, 2022 | အခြားဒေသများ

 အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော်တွင် ယ‌နေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ကင်းလှည့်ပြီး ပြန်လာ‌သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ချိန်ကိုက်မိုင်းခွဲခံရပြီး (၃)ဦးထက်မနည်းသေကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေနီအရှေ့တံတားဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းလှည့်၍ ပြန်လာပြီး ကင်းစခန်းပြန်အရောက်တွင် နေပြည်တော်  PDF တပ်ရင်း(၈၀၂)၊ တပ်ခွဲ (၅)မှ ချိန်ကိုက်မိုင်းခွဲ လိုက်ခြင်းဖြစ်သည်။

နေပြည်တော်တွင် ပြင်းထန်သည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်တော့မည်ဟု နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက စတင် ကြေညာခဲ့သည်။

ထို့နောက် နေပြည်တော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သုံးဖွဲ့ မဟာမိတ်အဖြစ်‌ပေါင်းကာ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ရာထူးတာဝန်မှ နုတ်ထွက်ကြရန် ဖေဖော်ဝါရီ(၁၅)ရက်တွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ သည်။ 

၎င်းသုံးဖွဲ့မှာ ပျဉ်းမနားတော်လှန်ရေးတပ်မတော် (PRA)၊ စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ ၊ ဖိုးစောင့်တောင်လူငယ်ပြောက်ကျားအဖွဲ့တို့ဖြစ်သည်။

နေပြည်တော်ရှိ PDF များသည် ယခင်က တစ်ဖွဲ့ခြင်း စစ်ဆင်‌ရေးလုပ်ဆောင်ခဲ့ရာက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်က သုံးဖွဲ့ ပူးတွဲစစ်ဆင်ရေးကို ပထမဆုံးအဖြစ်  အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဒါ့အပြင် ဖေဖော်ဝါရီ(၁၂)ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးခွဲ၊ မြဝတီဘဏ်တို့ကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့‌သေးသည်။

 နေပြည်တော်(၈)မြို့နယ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားရပ်တန့်ရေး စစ်ဆင်ရေးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာထားသည်။