ချက်သမ္မတနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံရေးအရ အပြည့်အဝထောက်ခံကြောင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Jan Lipavský က အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံမှုအတွင်း ထုတ်ဖေါ်ပြောကြားကြောင်း သိရသည်။
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Jan Lipavský က အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်တို့အား ချက်နိုင်ငံခြားရေးရုံး Černín Palace တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၌ လက်ခံတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံရေးအရ အပြည့်အဝ ထောက်ခံသည်ဟု ချက်သမ္မတနိုင်ငံ၏ သဘောထားကို ထုတ်ဖေါ်ပြောကြားပြီး စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ လုံးဝ လွှတ်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုနေကြောင်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားသည်ဟု သိရသည်။
ချက်သမ္မတနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရေးကို နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အပြင် ပိုမိုထိရောက်သော အကူအညီများပေးရေး နည်းလမ်းသစ်များအား NUG နှင့်အတူ နည်းလမ်းရှာမည်ဟု ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Jan Lipavský က ပြောဆိုဆွေးနွေးကြောင်း သိရသည်။
ယင်းအပြင် လွတ်လပ်စွာပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့အတွက် ဆက်လက် အားစိုက်လုပ်ဆောင်သွားမည့်အပြင် ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံအရေးအတွက် အလေးထားလုပ်ဆောင်မည်ဟုလည်း ဆွေးနွေးကြောင်း သိရသည်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ၊ ထိရောက်မှု ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်မှုများ၊ လူ့အခွင့်အရေးနှင့် လွတ်လွပ်မှုအတွက် လှုပ်ရှားနေသူများအား အကူအညီပေးနိုင်ရေးများ ဆွေးနွေးရာ ချက်နိုင်ငံခြားရေးဝန်ကြီးက အဆိုပါ ကိစ္စများအား ကူညီရန် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်ဟု သိရသည်။