မွန်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့က KNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ (၂)ဦးသေ၊ (၃) ဦးဒဏ်ရာရသွားကြောင်း KNU/KNLA က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။
KNLA တပ်ရင်း(၁)လက်အောက်ခံတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဘက်မှ (၂) ဦးသေကာ၊ (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဂိတ်စခန်း(၂)လုံးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ယနေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ် BGF ပူးပေါင်းတပ်ဖွဲ့မှ ဂိတ်စခန်း(၂)လုံးထိခိုက်ပျက်စီးမှု အပေါ် ညောင်ကုန်းရွာဒေသခံများကို အစည်းအဝေးခေါ်ပြီး တစ်အိမ်လျှင်ပတ်လည်(၂)ထွာ၊ အလျား(၅)တောင် သို့မဟုတ် (၆)တောင်ရှိသော သစ်လုံး (၃)လုံးစီကို ဂိတ်စခန်းထဲ ပို့ဆောင်ရန် အဓမ္မခိုင်းစေခဲ့ကြောင်း သိရသည်။