မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များကို တစ်အိမ်ချင်း ဝင်ရောက်၍ တန်ဖိုးရှိပစ္စည်းများယူသွား

မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များကို တစ်အိမ်ချင်း ဝင်ရောက်၍ တန်ဖိုးရှိပစ္စည်းများယူသွား

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေ၍ တန်ဖိုးရှိပစ္စည်းများအား ယူဆောင်သွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၈)ရက်နေ့က မင်းကင်းမြို့နယ် တောင်တွင်းဒေသ၊ ကြာပင်ရဲစခန်းအား စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်ဖြင့်  လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်သွားခဲ့ပြီး ဇူလိုင်လ (၉)ရက်နေ့တွင် အင်အား(၄၀)ကျော် ပါဝင်သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အင်းရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်တို့ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ကြာပင်ရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး(၁၀၀)ကျော်သည် ပိက္ခယားရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထပ်မံစစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

လက်နက်အင်အား မမျှသဖြင့် ဒေသကာကွယ်ရေးတပ်များက နောက်ဆုတ်ပေးလိုက်ရချိန်တွင် ပိက္ခယားရွာရှိ နေအိမ်အားလုံးနီးပါးကို ဝင်ရောက် ရှာဖွေ၍ တန်ဖိုးရှိသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပိက္ခယားရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် စစ်ကောင်စီတပ်သားများသည် အင်းရွာမှ ရွှေဆွဲကြိုး (၁)ကုံး၊ လက်စွပ် (၁)ကွင်း၊ နားကပ် (၁)စုံ၊ ပိုက်ဆံ (၁)သိန်း၊ ဖုန်း (၅)လုံးကို ယူသွားပြီး နွား (၁)ကောင်၊ ကျွဲ (၁)ကောင်နှင့်  ဝက် (၁)ကောင်တို့ကိုလည်း ပစ်သတ်ထားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆိုင်ကယ်(၁)စီး၊ ဆိုလာ(၁)ချပ်၊ ရေစက်(၁)လုံးလည်း ဖျက်စီးခံရကာ လက်ရှိတွင် စစ်ရေးအခြေနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရန်နှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် မင်းကင်း PDFတပ်ရင်း ၂ က ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : MinKin People's Defence Force-Mkpdf-2