KNU တပ်မဟာ(၁)နယ်မြေတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

KNU တပ်မဟာ(၁)နယ်မြေတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ဇန်နဝါရီ 27, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီ တပ်  စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ(၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

KNU တပ်မဟာ(၁)နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးကြီးကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများနှင့် KNU၊ PDF ပူး ပေါင်းတပ်ဖွဲ့များ ဇန်နဝါရီလ(၂၄)ရက်၊ (၂၅)ရက်နေ့များတွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားကာ အနီးရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

(၂)ရက်ရှိပြီ၊ တိုက်ပွဲဖြစ်တာ အကြာကြီးတော့ မဟုတ်ပါဘူး။ စစ်တပ်ဘက်က ကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိတယ်။ ကျေးရွာသားတွေ အားလုံး ထွက်ပြေး ပုန်းနေကြရတယ်။ ဒီနေ့လည်း တိုက်ပွဲဆက် ဖြစ်မလားမသိဘူး။ ရွာသားတွေကတော့ လောလောဆယ်ဆယ် အစားအသောက် ဒုက္ခရောက်နေတယ်

ဟု ဒေသခံတစ်ဦးက  Tachileik News Agency သို့ ပြောသည်။

ကျိုက်ထိုမြို့နယ်၊ မဲရုံးကြီးကျေးရွာအနီး ကျောက်မိုင်း၊ ဂလိုင်တွတ် နေရာများ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်ဆင်တွင်းကျေးရွာ၊ မဲရုံးကြီးကျေးရွာ၊ မိုးဘောနတ်စင် ကျေးရွာ၊ ခမောက်ခွေရွာ၊ စောင်းစောက်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

၎င်း‌နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်း(၂)ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး အတွက် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်‌ကောင်စီများဖက်မှ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတော့ မသိရသေးဟု သိရသည်။