မြောက်ဥက္ကလာပ ရဲစခန်း ပစ်ခတ်မှုအတွင်း ဒုရဲအုပ်တစ်ဦး သေဆုံး

မြောက်ဥက္ကလာပ ရဲစခန်း ပစ်ခတ်မှုအတွင်း ဒုရဲအုပ်တစ်ဦး သေဆုံး
ဒီဇင်ဘာ 31, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ရဲစခန်းကို ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ ည(၇)နာရီဝန်းကျင်က အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး စစ်သားတစ်ယောက် စိုးရိမ်ဒဏ်ရာရကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းပစ်ခတ်မှုတွင် မြောက်ဥက္ကလာပ ရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ဦးတွင် ဆီးခုံထိမှန်ဒဏ်ရာ၊ ပေါင်ထိမှန်ဒဏ်ရာနှင့် တပ်မ(၂)၊ တပ်ရင်း (၁၃)မှ တပ်သား အေးမောင်တွင် ပေါင်ကို ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်နေစဉ် ဒုရဲအုပ် အောင်ကျော်ဦးမှာ သေဆုံးခဲ့ကြောင်း သိရပါသည်။

ခေမာသီလမ်းမပေါ်ရှိ မြို့မရဲစခန်းရှေ့တွင် လုံခြုံရေးစောင့်နေသည့် အကြမ်းဖက်စစ်သားနှင့် ရဲများကို ယနေ့ည (၇)နာရီဝန်းကျင်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိနစ်(၂၀)ခန့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။