တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က မီးရှို့မှုကြောင့် နေအိမ် အလုံး (၉၀)ဆုံးရှုံးထားပြီး ယနေ့ မြောက်အင်းရွာကို မီးရှို့နေ

တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က မီးရှို့မှုကြောင့် နေအိမ် အလုံး (၉၀)ဆုံးရှုံးထားပြီး ယနေ့ မြောက်အင်းရွာကို မီးရှို့နေ
ဒီဇင်ဘာ 26, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရေဦးကုန်းကျေးရွာအုပ်စုအတွင်းရှိ မြောက်အင်းကျေးရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဝင်လာပြီးနောက် နေအိမ်များ မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီနေ့ မြောက်အင်းကို မီးတင်နေပါပြီ။ မနက်က ဝင်လာတာ။ ရွာကအကုန်ထွက်ပြေးနေရတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

နေ့လယ် (၁၂)နာရီ (၁၀)မိနစ်အချိန်ထိ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံးထားပြီး မီးတောက်အရှိန်ပိုမြင့်တက်လာသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများတွင် ဝင်မွှေပြီး နေအိမ်များမီးရှို့နေရာ လက်ရှိအချိန်ထိ ကာပေါင်းကျကျေးရွာမှ နေအိမ် (၆၁)လုံး၊ ကျီကုန်းကျေးရွာမှ နေအိမ် (၂၄) လုံး၊ ကျွန်းလယ်ကျေးရွာမှ နေအိမ် (၄)လုံး၊ ပုတီးကျေးရွာမှ နေအိမ် (၁)လုံး စုစုပေါင်း နေအိမ် အလုံး (၉၀)ကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မြောက်အင်းရွာကို မီးရှို့နေခြင်းဖြစ်သည်။