ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲသည့် အာဏာသိမ်းစစ်တပ်၏ (၁၃)လုံးမြောက် လက်နက်ကြီးကျည် လူနေအိမ်တစ်လုံးအပေါ်ကျရောက် ပေါက်ကွဲ

Photo: Ye Min ( AAC )
Photo: Ye Min ( AAC )
ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲသည့် အာဏာသိမ်းစစ်တပ်၏ (၁၃)လုံးမြောက် လက်နက်ကြီးကျည် လူနေအိမ်တစ်လုံးအပေါ်ကျရောက် ပေါက်ကွဲ
ဒီဇင်ဘာ 25, 2021 | အခြားဒေသများ

ကရင်ပြည်နယ်ဘက်တွင် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး နှစ်နိုင်ငံ နယ်နမိတ်ကိုကျော်၍ ထိုင်းနိုင်ငံ မော်လီချိုင်းကျေးရွာတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီး ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့အထိ ထိုင်းနိုင်ငံသို့ အာဏာသိမ်းတပ်မှ လက်နက်ကြီးကျည် (၁၃)လုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

"ဒီနေ့ ကျတဲ့နေရာက သောင်ရင်းမြစ်နဲ့ကို အတော်ဝေးဝေးမှာကျတာ။ ထိုင်းဘက်က ကရင်ရွာပေါ့။ အဲဒီအိမ်ပေါ်ကျတာ။ ကံကောင်းတာက လူအထိအခိုက်မရှိဘူး။ ဒီလောက်ဝေးဝေးရွာထဲထိ ကျတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တယ်လို့ကို ယူဆလို့ရတယ်။"ဟု ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

ထိုင်းနိုင်ငံနှင့်နယ်စပ် မြဝတီမြို့အနီးရှိ KNU နယ်မြေ လေးကေ့ကော်ကို အာဏာသိမ်းစစ်တပ်က နယ်မြေကျော်ဝင်၍ တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်နေရာ ဒေသခံများသည် တစ်ဖက်ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ကြသည်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေခြင်းဖြစ်ပြီး တိုက်ပွဲစသည့်နေ့က ထိုင်းဘက်ပြေးသည့် စစ်ရှောင်များဘက်သို့ လက်နက်ကြီးကျည် (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ရှိ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အာဏာသိမ်းတပ်ဘက်မှ လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ထပ်မံကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ ယမန်နေ့က လက်နက်ကြီးကျည် (၇)လုံးအထိ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ကအထိ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက် မြန်မာနှင့်နယ်စပ်အနီး စိုက်ခင်းများတွင် ကျရောက်ခဲ့သော်လည်း ယနေ့ နံနက် (၉)နာရီ မိနစ် (၄၀)ဝန်းကျင်က မြဝတီတောင်ဘက် အာဏာသိမ်းစစ်တပ်၏ သေဘောဘိုးတပ်စခန်းကုန်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံအတွင်းဘက် ပိုဝေးသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ လူနေအိမ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များရှိရာနေရာများကိုပါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်က ၎င်းတို့နယ်မြေဘက်ကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုအား သတိပေးထားပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်မှလည်း စောင့်ကြည့်မှုများလုပ်နေသည်ဟု ယမန်နေ့က သတင်းထောက်များအား ထိုင်းတော်ဝင်တပ်မတော်မှ ပြောကြားထားသည်ကို တွေ့ရသည်။