မင်းတပ်မြို့နယ် ဘုရားစခန်းရွာတွင် အာဏာသိမ်းတပ်များ တပ်စွဲထား၍ ဒေသခံများ ထွက်ပြေးနေရ

မင်းတပ်မြို့နယ် ဘုရားစခန်းရွာတွင် အာဏာသိမ်းတပ်များ တပ်စွဲထား၍ ဒေသခံများ ထွက်ပြေးနေရ
ဒီဇင်ဘာ 18, 2021 | အခြားဒေသများ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘုရားစခန်းကျေးရွာတွင် ယမန်နေ့ကတည်းကရောက်နေသည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ ရွာထဲတွင် ဆက်လက်တပ်စွဲထားကြောင်း သိရသည်။



အင်အား (၇၀)ဝန်းကျင်ပါဝင်သည့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့က ယမန်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ကျေးရွာတောလမ်းမှတစ်ဆင့် ဘုရားစခန်းရွာတွင်းသို့ ရောက်လာကြပြီး ရွာတွင်းတပ်စွဲကာ နေ့လယ် (၂)နာရီဝန်းကျင်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ရွာတွင်းဝင်လာ၍ တိမ်းရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များမှ ကြက်များကို အာဏာသိမ်းစစ်တပ်က သတ်စားနေကြသည်ဟုလည်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ဝင်လာနေ၍ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ခိုက်မှုဖြစ်နေပြီး စစ်ရေးတင်းမာသည့်အခြေအနေရှိနေပြီး အာဏာသိမ်းတပ်က ချင်းပြည်နယ်နှင့်အနီးဆုံးရှိ ကလေးလေဆိပ်ကိုလည်း ပိတ်လိုက်ကာ စစ်ရေးအတွက် အသုံးပြုနေသည်များကိုလည်း တွေ့နေရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ဒေသတွင်း အာဏာသိမ်းစစ်တပ်ဝင်လာနေသဖြင့် CDF-MINDATနှင့် ယော PDF ပူးပေါင်းတပ်များဖြင့် ခုခံတိုက်ခိုက်မှုများ မကြာခဏဖြစ်နေပြီး အာဏာသိမ်းစစ်တပ်သည် ၎င်းတို့လမ်းကြောင်းချီတက်ရာ လမ်းတလျှောက်မှ ကျေးရွာများကို ဝင်၍ ဖျက်ဆီးခြင်းများကိုလည်း လုပ်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာလ (၁၂) ရက်နေ့မှကလည်း နေ့လယ်ပိုင်းတွင် ကျည်းရွာနှင့် လယ်ဆောရွာကြား၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်းအင်အားဖြင့် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် လယ်ဆောရွာကိုဝင်၍ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

နိုင်ငံဘတ်ဂျက်ဖြင့် ရပ်တည်နေသည့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့များသည် ၎င်းတို့ဝင်၍တပ်စွဲရာ နေရာတိုင်းတွင် ပြည်သူများ၏  ကြက်၊ဝက်၊ကျွဲ၊နွားများကို သတ်စားခြင်း၊ အဖိုးတန်ပစ္စည်းများကို ရှာဖွေယူငင်ခြင်း၊ ပစ္စည်းများနှင့်နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းတို့ လုပ်ဆောင်ရာတွင် နာမည်ကျော်လှသည့်စစ်တပ်ကြီးဖြစ်သည်။