စစ်အာဏာသိမ်းအဖွဲ့က NUG အစိုးရအဖွဲ့ဝင် (၄)ဦး နေအိမ်များကို ချိတ်ပိတ်

စစ်အာဏာသိမ်းအဖွဲ့က NUG အစိုးရအဖွဲ့ဝင် (၄)ဦး နေအိမ်များကို ချိတ်ပိတ်
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

စစ်အာဏာသိမ်းအဖွဲ့က NUG ၏ ဝန်ကြီးချုပ်နှင့် ဝန်ကြီး၊ ဒုဝန်ကြီးများ၏ နေအိမ်များကို  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

 

ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံတို့၏ နေအိမ်များအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲများက ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ(၁၆)ရက်နေ့က ပဲခူးမြို့ရှိ NUG ၏  ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ၏ နေအိမ် အပါအဝင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးဇေလတ်တို့၏ နေအိမ်ကိုပါ တစ်နေ့တည်း ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က  NLD အစိုးရအဖွဲ့ဝင်များအား ဖမ်းပြီး အာဏာသိမ်းထားပြီးနောက် NLD ပါတီဝင်များနှင့် ထောက်ခံသူများအား  နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းနေပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများအား ချိတ်ပိတ်ခြင်းကိုပါ လိုက်လံလုပ်ဆောင်နေသည်ကို တွေ့ရသည်။