ကချင်ပြည်နယ် ဝိုင်းမော်မြို့ကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဒေသခံ (၆)ဦး ဒဏ်ရာရကာ (၄)ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
မြစ်ကြီးနားအဝင်ရှိ စစ်ကောင်စီတပ်ရင်းများက ဝိုင်းမော်မြို့တွင်းကို လက်နက်ကြီးနှင့် ဝိုင်းပစ်နေရာ ည(၈)နာရီခန့်တွင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ အထကကျောင်းအနီး လမ်းသွယ် (၁၂)သို့ ကျရောက်ပေါက်ကွဲကြောင်း သိရသည်။
"ဒေါ်ခင်မာသီတို့ အိမ်၊ ဦးမြအောင်တို့ အိမ်နား လက်နက်ကြီးကျပြီး အရပ်သား (၆)ဦးထိတယ်။ (၄)ဦးက ဒဏ်ရာပြင်းထန်လို့ ကားနဲ့ ဆေးရုံကို သယ်သွားကြရတယ်။ ဒဏ်ရာသိပ်မပြင်းတဲ့ (၂)ဦးကတော့ ခတ်ချိုရွာထဲမှာ ကျန်နေခဲ့တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသဖြင့် နေအိမ်များပင်တုန်ခါသည်အထိဖြစ်ပွားခဲ့ပြီး အခြေအနေအသေးစိတ်ကိုမူ မသိရပါ။
"အမြောက်တွေ ပတ်ချာလည်ကနေထုနေတာ။ စက်ကြီး၊ စက်လတ် တွေနဲ့ပါပစ်နေတာ။ တပ်ပတ်လည်က ပစ်နေတာပဲ သိရတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယနေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် ခါနန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကို ဒရုန်းနဲ့ဗုံးကြဲရာ ဘုရားကျောင်းဆောင် ပျက်စီးသွားသည်ဟု သိရသည်။
#TachileikNewsAgency