မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မွေကျေးရွာအုပ်စုအတွင်း အိုမတွေ့ကျေးရွာရှိ အလကကျောင်း၏ အပြင်ဘက်တွင် ကင်းပုန်းချထားသည့် အာဏာသိမ်းစစ်တပ်၏ ကင်းပုန်းတစ်ခုအား ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရရှိကြောင်း Wundwin Township Revolution Force ( WTRF )က သတင်းထုတ်ပြန်ထားရှိသည်။
အိုမတွေ့ကျေးရွာရှိ အလကကျောင်း၏ အပြင်ဘက် အရှေ့မြောက်ဒေါင့် ဇရပ်တွင် ကင်းပုန်းချထားသည့် အာဏာသိမ်းစစ်တပ်၏ ကင်းပုန်းတစ်ခုအား ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု ( WTRF )မှ တိုက်ခိုက်ရာ (၂)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အရှေ့မြောက်ဒေါင့် ဇရပ်တွင် ကင်းပုံးချထားသော အကြမ်းဖက်(စကစ)များအား WTRF မှ တိုက်ခိုက်ခဲ့ရာ စခ (၂) ကောင်သုတ်သင်နိုင်ခဲ့ပြီး (၁) ကောင် ဒဏ်ရာ ရရှိခဲ့
ဟု WTRF က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ၀မ်းတွင်းမြို့နယ်တို့မှ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်စစ်သားများနှင့် လက်အောက်ခံများ အပါအဝင် လက်ပါးစေနှင့်ဒလန်များကို ရှင်းလင်းသွားပြီး စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားရှိသည်။