လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း မြန်မာလုပ်သားများကို ထားရှိသည့် Quarantine တွင် သတ်မှတ်ချက် မလိုက်နာ၍ဟုဆိုကာ ရိုက်နှက် ဒဏ်ပေး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း မြန်မာလုပ်သားများကို ထားရှိသည့် Quarantine တွင် သတ်မှတ်ချက် မလိုက်နာ၍ဟုဆိုကာ ရိုက်နှက် ဒဏ်ပေး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း  မြန်မာ(ရခိုင်)ရွာအနီး မြန်မာများကိုသာ Quarantine ထားရှိသည့် ဈေးသစ်အဆောက်အဦးထဲတွင် သတ်မှတ်စည်းကမ်းချက် မလိုက်နာ၍ဟုဆိုကာ ရိုက်နှက်ဒဏ်ပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။



 

Quarantine ထားသည့်နေရာတွင် ရိုက်နှက်ဒဏ်ပေးမှုများ ကြုံရသည့်အပြင် ရခိုင်ရွာအတွင်း Mask မတပ်ဘဲသွားလာ၍ အရိုက်ခံရသူများလည်း ရှိသည်ဟု သိရသည်။

ကြားတာကတော့ အဲဒီမှာ(quarantine center)မှာ ဖဲရိုက်လို့ ရိုက်တာလို့ သိရတယ်။ ရိုက်နှက်ဒဏ်ပေးတဲ့ လူကလည်း PPE ဝတ်ထားတဲ့ မြန်မာပါပဲ။ အဲဒီက(ကုမ္ပဏီ) ခန့်ထားသူပါ။ အခုလောက်ထိတော့ ရိုက်ဖို့ မလိုဘူးလို့ ထင်တယ်။ ရိုက်တာကလည်း ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း ညှာညှာတာတာမရှိဘူး

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၉)ရက်နေ့တွင် ပြောသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း နေထိုင်နေကြသည့် မြန်မာလုပ်သားများမှာ ကုမ္ပဏီမှ သတ်မှတ်ချက်အတိုင်း လိုက်နာနေထိုင်ရပြီး မြန်မာများကို အုပ်ချုပ်နိုင်ရန်အတွက် မြန်မာဝန်ထမ်းများကို ခန့်ထားကြောင်း သိရသည်။

အခုလို လုပ်တာ မတရားဘူး။  သူတို့ လုပ်တိုင်းခံနေရတာ။ ဒီမှာက ဘယ်လိုဖြစ်ဖြစ် ပြန်မပြောရဲဘူး။ သူတို့ လုပ်သမျှ ခံပဲခံနေရတာ။ မခံနိုင်လို့ ရန်တွေ့ရင်လည်း ကိုယ့်ဘက်က အမှားဖြစ်တာပဲ။ အာဏာတွေနဲ့လေ။ အခုက Lockdown မဟုတ်တော့ဘူး။ လုပ်ဒေါင်းကြီး ဖြစ်နေပြီ။ အခုဆို လမ်းမှာတွေ့လို့ Mask မပါရင် ရိုက်တယ်။

ဟု ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း၌ ရွှေ့ပြောင်းမြန်မာလုပ်သား အင်အား(၁၀,၀၀၀)ကျော်ရှိနေပြီး COVID 19 ကြောင့် Lockdown သတ်မှတ်ထားပြီး Quarantine လည်းရှိနေသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လာချင်သော်လည်း ပြန်ခွင့်မရဘဲဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ ဘိုကျောက်ခရိုင်တွင် မြေဧရိယာ ဟက်တာ (၃,၀၀၀)ကို ၂၀၀၇ ကတည်းက ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် ဟောင်ကောင်တွင်မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီ Kings Romans Group နှင့် လာအိုအစိုးရတို့က အကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး အဆိုပါဒေသ၏ စီမံခန့်ခွဲမှုများကို လုပ်ကိုင်ခွင့်ရကုမ္ပဏီက လုပ်နေခြင်းဖြစ်သည်။