CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အရေးယူသွားမည်ဟုဆို

CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အရေးယူသွားမည်ဟုဆို
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး

စစ်အာဏာရှင်စနစ်ကို လက်မခံ၍ CDM လုပ်နေသည့် ဝန်ထမ်းများထဲက ကျန်းမာရေးဝန်ထမ်းများအား အရေးယူသွားမည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ မဲစာရင်းမှား၍ဟုဆိုကာ နိုင်ငံတော်အာဏာသိမ်းလိုက်သည့် မြန်မာ့တပ်မတော်က အများပြည်သူအနေဖြင့် တပ်မတော်ဆေးရုံများတွင် လာရောက်ကုသနိုင်ကြောင်း  ကြေညာထားပြီးနောက် နိုင်ငံတော်အာဏာသိမ်းခံရသည့် (၁၅ )ရက်မြောက်နေ့တွင် Civil Disobedience Movement (CDM)လုပ်သည့် ကျန်းမာရေးဝန်ထမ်းများအား အရေးယူမည်ဟု ပြောလာခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် ပြည်သူ့ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရမည့်လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးအကုန်အကျများစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှုများရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ဟု နစက  ဥက္ကဌဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။



စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လိုသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေကြပြီး စစ်အာရှင်စနစ်ကို လက်မခံသည့် ပြည်သူများကလည်း ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency