မကွေးတိုင်းဒေသကြီးတွင် Covid-19 ကြောင့် ဇန်နဝါရီလအတွင်း သေဆုံးသူ (၈)ဦးအထိရှိ

မကွေးတိုင်းဒေသကြီးတွင် Covid-19 ကြောင့် ဇန်နဝါရီလအတွင်း သေဆုံးသူ (၈)ဦးအထိရှိ

 မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ (၂)ဦး သေဆုံးသွားသဖြင့် ဇန်နဝါရီလအတွင်း ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ (၈) ဦးရှိလာပြီဖြစ်သည်။

ဒီနေ့ တိုင်းဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာ (၂) ဦး သေဆုံးသွားပါတယ်။ တစ်ဦးက ချောက်မြို့နယ်က အသက် (၆၈) နှစ်အရွယ် အမျိုးသားပါ။ ဆီးချိုရောဂါ ၊‌သွေးတိုး‌ရောဂါ၊  အဆုတ်ရောင် ရောဂါရှိသူဖြစ်ပြီး စလင်းမြို့နယ်က အသက် (၆၆) နှစ်အရွယ်အမျိုးသားကတော့ ‌ကျောက်ကပ်အားနည်း‌ ရောဂါ၊ တတိယအကြိမ်လေဖြတ်လေငန်းရောဂါ၊  အဆုတ်ရောင်ရောဂါတို့ကြောင့်သေဆုံးရတာဖြစ်ပါတယ်

ဟု  မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းအတွင်း ကိုဗစ်ရောဂါရှိသူနှင့် ထိတွေ့မှုမှ ကူးစက်ခံရသူအရေအတွက် တိုးလာနေရာ အတည်ပြုလူနာများအပါအဝင် လူနာများကို သယ်ပို့ပေးနေသည့်  မကွေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ KS Rescue Magway ၏ Volunteer (၅)ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း ဇန်နဝါရီလ (၂၉) ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သည့်အပြင် ဇန်နဝါရီလ (၃၀)ရက်နေ့တွင်လည်း

သဒ္ဒါရှင်ပရဟိတအသင်းမှ Volunteer (၁)ဦးတွင်လည်း ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

ဇန်နဝါရီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းအထိ မကွေးတိုင်းအတွင်း ကုသမှုခံယူဆဲ COVID-19 အတည်ပြုလူနာ (၃၄၀) ဦးရှိနေပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ (၃၃၈၃)ဦး၊ သေဆုံးသူ (၁၅) ဦးရှိသည်။

Tachileik News Agency

သတင်း - ဖီးနစ်

ဓာတ်ပုံ - ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...