ဖားကန့် နမ့်မှော်လုပ်ကွက်မှ နွံကန်ပေါက်၍ ရွာတွင်း နွံများဖုံးလွှမ်းသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာတွင် ၂၀၂၅ ခုနှစ် မတ်လ (၂၁)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က ကျောက်လုပ်ကွက်တစ်ခု၏ နွံကန်ပေါက်ထွက်ပြီး ရွာတွင်း နွံများစီးဝင်သွားကြောင်း သိရသည်။

ကျောက်လုပ်ကွက်၏ နွံကန်မှ ရွှံ့နွံများ ကျေးရွာတွင်း စီးဝင်လာမှုကြောင့် နေအိမ်ခြံဝန်းများအတွင်း နွံများဖုံးသွားကာ အနိမ့်ပိုင်းရှိ အချို့နေအိမ်အောက်ထပ် နစ်မြုပ်သွားကြောင်း သိရသည်။

လက်ရှိတွင် နမ့်မော်ရွာသို့ ဒေသလူမှုကူညီရေးအသင်းအဖွဲ့လည်းရောက်ရှိလာကာ စက်ယန္တရားများဖြင့် နွံရှင်းလင်းခြင်း လုပ်ဆောင်နေကြကြောင်း သိရသည်။

နွံများဖုံးလွှမ်းနေသဖြင့် ဆက်သွယ်သွားလာရေး ခက်ခဲသွားပြီး ညပိုင်း လုံခြုံရေးအတွက် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းက ကန်ရှိတော့ အဲဒီထဲ အတော်များများ စီးဝင်သွားလို့ တော်သေးတယ်။ အခုက နေ့ပိုင်းဖြစ်တာမို့ တော်သေးတာပေါ့။ ညပိုင်းဆို ဘယ်လိုဖြစ်မယ် မသိဘူး။ အခုတောင် ဘယ်နား ဘာဖြစ်မှန်း မသိသေးဘူး။ အပြင်လည်း ထွက်မရဘူးလေ”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လူထိခိုက်မှုသေဆုံးမှုမရှိကြောင်း နွံများရှင်းလင်းရေး ကူညီလုပ်ဆောင်နေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။

နွံကန်ပေါက်ကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပါ။

#TachileikNewsAgency 

Video : Yatanar Htun,မှော်မင်းသား