မူဆယ်မြို့တွင် ကားခိုးသည့်ကိစ္စဖြင့် ပြည်သူ့စစ်အချင်းချင်း ဖမ်းဆီးရိုက်နှက်မှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ၂၀၂၅ခုနှစ် မတ်လ (၁၇)ရက်နေ့ ညနေပိုင်းက ကားခိုးသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်သည်ဟု ဒေသခံများထံမှ သိရသည်။

တပ်ရင်းထံမှ ကားခိုးသွားသည့် ပြည်သူ့စစ်တပ်သား(၅)ဦးဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တိုက ဖမ်းဆီး၍ လမ်းပေါ်တွင် ခြေထောက်နှင့် ကန်ကျောက်ရိုက်နှက်ကြပြီး ဦးဆောင်သူကိုလိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

“ကားခိုးလို့ဖြစ်တာလေ။ သူတို့တပ်ရင်းက ပျောက်သွားတဲ့ကားကို လိုက်ရှာတဲ့အုပ်စုက ရိုက်နှက်ကြတာ။ ရိုက်ခံရတဲ့ ပြည်သူ့စစ်တွေက ခိုးတာမဟုတ်ဘူးလို့တော့ ကြားရတယ်။ သူတို့အသိထဲက တစ်ယောက်က အဲဒီကားတွေကို ခိုးလာတာ၊ ရှာတဲ့သူကလည်း ပြန်တွေ့လို့ ရိုက်နှက်ကြတာလို့ပြောတယ်။ ခိုးသွားသူက ဖုန်းကော ကားရော ယူသွားတာပေါ့နော်။ ဒါပေမယ့် ကားနံပါတ်တွေကိုလည်း ပြောင်းလိုက်ကြတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လိုက်လံဖမ်းဆီးသည့် ပြည်သူ့စစ်တပ်ဖွဲ့က တရုတ်စကားများလည်းပြောဆိုသည်ကို တွေ့ရပြီး အသေးစိတ်အချက်အလက်ကို ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များထိန်းချုပ်ရာမြို့ဖြစ်ပြီး ပတ်ဝန်းကျင်ရှိမြို့များကို ညီနောင်မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။

(အောက်ဖော်ပြပါ ရုပ်သံတွင် စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်များ ပါဝင်ပါသည်)

#TachileikNewsAgency